
၂၀၂၆ ခုနှစ် လန်ချန်း-မဲခေါင် ခရီးစဉ်ဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဒေါက်တာခင်စန်းသာဝင်းက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစီအစဉ်ကို လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာရုံး ၊ယူနန်ပြည်နယ် ရေအရင်းအမြစ်ဦးစီးဌာန ၊China Huaneng Group Co., Ltd. ၏ နိုင်ငံတကာစီးပွါးရေးဌာနနှင့် Huaneng Lancang River Hydropower Inc. တို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ သံတမန်များ၊ အစိုးရတာဝန်ရှိသူများနှင့် ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာသံရုံးကိုယ်စား စီးပွားရေးသံမှူး ဒေါက်တာခင်စန်းသာဝင်းက မိန့်ခွန်းပြောကြားရာ၌ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ၏ ရေအရင်းအမြစ်စီမံခန့်ခွဲမှုသည် ဒေသတွင်းစီးပွားရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတည်ငြိမ်မှုတို့နှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ရေရှားမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာသည့်အတွက် ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးစနစ်များ ဖော်ဆောင်ရေး၊ ဒေသတွင်း စိုက်ပျိုးရေးနှင့် စားသောက်ကုန် ကုန်သွယ်မှုကွင်းဆက်များ တည်ငြိမ်စေရေး၊ အစိမ်းရောင် စိုက်ပျိုးရေးနည်းပညာနှင့် ရေရှည်တည်တံ့သော ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲအစီအစဉ်တွင် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုနှင့် အလားအလာများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ အာဟိုင် (Erhai) ရေကန် စီမံခန့်ခွဲရေးနှင့် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အတွေ့အကြုံများ၊ လန်ချန်းမြစ်ပေါ်ရှိ ရေအား၊ လေအားနှင့် နေရောင်ခြည်စွမ်းအင် ပေါင်းစပ်ထုတ်လုပ်ရေးစီမံကိန်းများ၊ ရေလွှမ်းမိုးမှု စောင့်ကြည့်ခြင်း၊ ခန့်မှန်းခြင်းနှင့် ကြိုတင်သတိပေးခြင်းဆိုင်ရာ နည်းပညာများကိုလည်း တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့အပြင် လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု၊ ရေအားလျှပ်စစ်ဆိုင်ရာ အချက်အလက်ဖလှယ်ရေး၊ ရေကြီးမှုနှင့် မိုးခေါင်မှုများကို ပူးပေါင်းကာကွယ်ထိန်းချုပ်ရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများမှ မြန်မာနိုင်ငံအတွက် ရရှိလာသည့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ဒေါက်တာခင်စန်းသာဝင်းက မီဒီယာများသို့ ဖြေကြားရာတွင် သံရုံးအနေဖြင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုကာ စီမံကိန်းများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဌာနများအကြား ညှိနှိုင်းချိတ်ဆက်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ယခင်က အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းများတွင် ရေရှားပါးသည့်ဒေသများ၌ ဒေသခံပြည်သူများ ရေရရှိရန် အဝေးသို့ သွားရောက်ရသည့် အခက်အခဲကို ဖြေရှင်းနိုင်ရန် ကျေးရွာများအနီးတွင် ရေတွင်းများတူးဖော်ပေးခြင်းဖြင့် ရေအလွယ်တကူ ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ရှေ့လာမည့် ငါးနှစ်တာကာလအတွင်း ရေအရင်းအမြစ်လုံခြုံစိတ်ချရမှုရှိစေရေး၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် အချက်အလက်ပလက်ဖောင်းများ တည်ဆောက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ရေအရင်းအမြစ်ကို ထိရောက်စွာ အသုံးချနိုင်ရေးတို့ကို အဓိကထား ပူးပေါင်းဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း၊ ယင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ (MOU) များ လက်မှတ်ရေးထိုးရန်လည်း ရှိကြောင်း ဒေါက်တာခင်စန်းသာဝင်းက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေနှင့် သက်ဆိုင်သည့် အချက်အလက်များကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဌာနများနှင့် သတရုတ်နိုင်ငံရှိ ရေအရင်းအမြစ်ဆိုင်ရာ အဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။