
အိမ်နီးချင်းနိုင်ငံများ၌ လေထုညစ်ညမ်းမှုကို ဖြစ်စေခဲ့သော တောမီးများကြောင့် ဖြစ်ပေါ်သည့် အဆိပ်အတောက် ဖြစ်စေသော မီးခိုးမြူများနှင့်ပတ်သက်၍ အင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဘီယန်တို့က မလေးရှားနှင့် စင်ကာပူတို့ကို တောင်းပန်ခဲ့သည်။
ဘော်နီယိုကျွန်း၊ ဆူမာတြားကျွန်း၊ ပါပူအာကျွန်းတို့တွင် လနှင့်ချီကြာအောင် လောင်နေသော တောမီးများက ကျယ်ပြန့်သော မြေများကို လောင်ကျွမ်းခဲ့ပြီး လေထုညစ်ညမ်းမှုကို ဖြစ်စေခဲ့သည်။
လေထုညစ်ညမ်းခြင်းကြောင့် အင်ဒိုနီးရှား၌ လူထောင်ချီ နာမကျန်းဖြစ်ခဲ့ရသည်။ မီးခိုးမြူများသည် နယ်စပ်များကို ဖြတ်ကျော်၍ မလေးရှားနှင့် စင်ကာပူတို့အထိ ရောက်သွားခဲ့သည်။
နိုဝင်ဘာ ၁၅ ရက်က မနီလာတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး၌ အင်ဒိုနီးရှားသမ္မတက နယ်စပ်ဖြတ်ကျော်သွားသော မီးခိုးမြူတို့သည် မိမိတို့၏အမှားကြောင့်မဟုတ်ဟု ပြောကြားခဲ့ပြီး မိမိတို့က အကောင်းဆုံး လုပ်ဆောင်ခဲ့သည်ဟု ဆိုခဲ့သည်။
သို့သော်လည်း မိမိတို့က စင်ကာပူနှင့် မလေးရှားပြည်သူများအတွက် ဒုက္ခကို ဖန်တီးခဲ့သည်ဆိုပါက မိမိတို့က အင်ဒိုနီးရှားအစိုးရ၊ အင်ဒိုနီးရှားပြည်သူများ၏ ကိုယ်စားတောင်းပန်သည်ဟု ပရာဘိုဝိုက အာဆီယနိုင်ငံများ၏ ခေါင်းဆောင်များကို ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှား၏သမ္မတဆိုင်ရာအတွင်းဝန်ရုံးက ထုတ်ပြန်ခဲ့သည်။
တောမီးတို့သည် ၂၀၂၆ ခုနှစ်တွင် လက်ရှိအချိန်ထိ မြေဟက်တာ ၂ ဒသမ ၈၈ သန်း(မြေဧက ၇ ဒသမ ၁ သန်း)ကို လောင်ထားသည်ဟု တောပြုန်းမှုစောင့်ကြည့်ရေးဌာန Nusantara Atlas ၏ ထုတ်ပြန်ချက်အရ သိရသည်။
လောင်ခဲ့သောအကျယ်အဝန်းသည် လန်ဒန်မြို့ အရွယ်အစား၏ ၁၈ ဆရှိသည်ဟုဆိုသည်။
အင်ဒိုနီးရှားသည် ခြောက်သွေ့ရာသီတိုင်းတွင် တောမီးများကို ကြုံတွေ့ရလေ့ရှိသည်ဆိုသော်လည်း ယခုနှစ်၏တောမီးများသည် အထူးသဖြင့် ပြင်းထန်နေခဲ့သည်။
Ref:AFP