Eleven Media Group

အမေရိကန်သမ္မတဒေါ်နယ်ထရန့် ၂၀‌၂‌၆ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်မည်ဖြစ်ပြီး Quad မဟာမိတ်အဖွဲ့ ခေါင်းဆောင်များနှင့်တွေ့ဆုံမည်

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အာဆီယံထိပ်သီးအစည်းအဝေးပြီးခါနီး နိုဝင်ဘာ ၁၇ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်လာမည်ဟု AFP သတင်းဌာနက နိုဝင်ဘာ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ထရန့်သည် အာဆီယံထိပ်သီး၏ နောက်ဆုံးနေ့အစည်းအဝေးကို နေ့ခင်းပိုင်းတွင်တက်ရောက်မည်ဟု သိရသည်။ ဖိလစ်ပိုင်တွင် ၂၄ နာရီ ပြည့်အောင်ပင် မနေဘဲ ထရန့်သည် အေပက်ထိပ်သီးတက်ရန် တရုတ်သို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။

ဖိလစ်ပိုင်သို့ရောက်လာသည့်အခါ ထရန့်သည် Quad မဟာမိတ်အဖွဲ့ဝင်နိုင်ငံများဖြစ်သော အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျတို့၏ခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်သည်။ ထရန့်သည် ဒုတိယသက်တမ်းတွင် Quad ခေါင်းဆောင်များနှင့်ပထမဆုံး တွေ့ဆုံမှုဖြစ်လာမည်ဖြစ်သည်။မကြာသေးမီက ဘရာဇီ၏သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော သမ္မတလူးဝစ်အစ်နာစီယိုလူလာဒါ ဆေးလ်ဗားသည် နိုဝင်ဘာ ၁၅ ရက်တွင် မနီလာမြို့ကို ရောက်လာခဲ့သည်။ ဘရာဇီးသမ္မတသည် ထရန့်၏ ကုန်သွယ်ခွန်ကိစ္စများကို ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

"အမေရိကန်က (အခြားနိုင်ငံတွေအပေါ်)ကုန်သွယ်ခွန်တွေကို ချမှတ်ဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဘရာဇီးဟာ ထူးခြားတဲ့ သင်ခန်းစာကို လေ့လာခဲ့ပြီးပါပြီ "ဟု လူလာက အာဆီယံထိပ်သီး၏ ဘေးဆွယ်အစည်းအဝေးနှင့်ပတ်သက်၍ သတင်းထောက်များကို ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းသို့ ကုန်သွယ်ခွန်ကောက်ခံသည့်အနေအထားတွင် ဘရာဇီးသည် အမေရိကန်ကို အသနားခံနေမည့်အစား မိမိတို့ကို ရောင်းချပေးမည့် မိတ်ဖက်နိုင်ငံများနှင့် မိမိတို့ထံမှဝယ်မည့် မိတ်ဖက်နိုင်ငံများကို ရှာရန်ဆုံးဖြတ်ခဲ့သည်ဟု လူလာက ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယက်နမ်တို့နှင့် ဘရာဇီး၏ ကုန်သွယ်ရေးသည် ၁၅ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်သွားခဲ့သည်ဟု ဘရာဇီးသမ္မတက ပြောကြားခဲ့သည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးကလည်း အာဆီယံထိပ်သီးတွင် အလားတူ ပြောကြားခဲ့ပြီး ဖိလစ်ပိုင်လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်သစ်ကို အမွှမ်းတင်ခဲ့ပြီး အာဆီယံကုန်သွယ်ရေး ဆွေးနွေးမှုများသည် သိသိသာသာ ခရီးပေါက်ခဲ့ပြီဟု ဆိုခဲ့သည်။

ထိုသဘောတူညီချက်နှစ်ခုသည် အမေရိကန်အပေါ် မိမိတို့၏မှီခိုမှုကို လျှော့ချပစ်ရန်ဖြစ်သည်ဟု ကနေဒါဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group