
ယူကရိန်းသည် ရုရှားက သိမ်းပိုက်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်နှင့် ရုရှားနိုင်ငံကို ဆက်သွယ်ထားသည့် တံတားတစ်စင်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုရှားက ခန့်အပ်ထားသည့် ခရိုင်းမီးယားဒေသ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဇူလိုင် ၁၅ ရက် ညပိုင်းက ယူကရိန်းသည် ရုရှား၏ မော်စကိုမြို့တော်ကို ပစ်မှတ်ထားသည့် ဒရုန်းများအပြင် ဒရုန်းအစင်းရေ ၁၃၃၆ စင်းကို လွှတ်တင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုကြောင့် ခရိုင်းမီးယားနှင့် ရုရှားဆက်သွယ်ထားသည့် တံတားသည် အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် ယူကရိန်းအတွက် ၂၀၂၆ ခုနှစ်အတွင်း တစ်ရက်တာ ဒရုန်းအရေအတွက် ဒုတိယအများဆုံးပမာဏဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ရုရှား၏ ထုတ်ပြန်ချက်များကို တွက်ချက်ဖော်ပြခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့််နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ ရှန်ကျန်းမြို့၌ တွေ့ဆုံရန် ရက်ပိုင်းအလိုတွင် ယခုကဲ့သို့ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲများတွင် ယူကရိန်းအပေါ် ဆင်နွှဲနေသည့် ရုရှား၏ စစ်ပွဲအကြောင်းကို အဓိကထား ဆွေးနွေးဖွယ်မရှိကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားထားသည်။
"ရန်သူက ခရိုင်းမီးယားတံတားကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ယာဉ်သွားလာမှုကို ကန့်သတ်ထားရပါတယ်" ဟု ရုရှားက ခန့်အပ်ထားသည့် ခရိုင်းမီးယား အုပ်ချုပ်ရေးမှူး ဆာဂေး အက်ခ်ဆီယိုနော့ဗ်က Telegram လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသူ သို့မဟုတ် ဒဏ်ရာရရှိသူ ရှိ၊ မရှိကိုမူ ၎င်းက ထည့်သွင်းပြောကြားခြင်း မရှိပေ။
Ref: AFP