Myanmar Transparency News

မြန်မာနှင့် ထိတွေ့ဆက်ဆံမှုကို ကုလသမဂ္ဂ အကြီးအကဲ ထောက်ခံ

သတိုး

၁၆.၁၁. ၂၀၂၆

မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း တက်လာသည့် အစိုးရသစ်နှင့် ထိတွေ့ဆက်ဆံရန် သံတမန်ရေးရာ ကြိုးပမ်းမှုအသစ်များအပေါ် ထောက်ခံကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။

စစ်မက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံနှင့် “ချိန်ညှိထိတွေ့ဆံဆက်ဆံမှု” (Calibrated Engagement) လုပ်ဆောင်ရန် အာဆီယံခေါင်းဆောင်များ တနင်္ဂနွေနေ့တွင် သဘောတူညီခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဂူတာရက်စ်က ယင်းသို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းချိန်မှစ၍ မြန်မာနိုင်ငံကို အဆင့်မြင့် အာဆီယံအစည်းအဝေးများမှ ဖယ်ကြဉ်ထားခဲ့သော်လည်း ဒေသတွင်းအစုအဖွဲ့အနေဖြင့် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်နိုင်မည့် လမ်းကြောင်းတစ်ခုကို ရှာဖွေလျက်ရှိသည်။

“ပဋိပက္ခတစ်ခုမှာ ပါဝင်ပတ်သက်နေသူ ဘယ်သူနဲ့မဆို အမြဲတမ်း ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ပါဘူး” ဟု အာဆီယံထိပ်သီးအစည်းအဝေး ပြင်ပဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲတွင် ဂူတာရက်စ်က ပြောကြားသည်။

သို့သော် ထိတွေ့ဆက်ဆံမှုကို လက်ခံခြင်းမှာ အလျှော့ပေးလိုက်လျောခြင်း မဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်ရမည်ဖြစ်ကြောင်း ဂူတာရက်စ်က“အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လိုပါတယ်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခွင့်တွေ ခွင့်ပြုပေးဖို့ လိုပါတယ်၊ ပြီးတော့  ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးရပါမယ်” ဟု ပြောကြားသည်။

ထို့အပြင် “ဒီအချက်တွေဟာ လူတိုင်းလိုလားသင့်တဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်လာစေမယ့် အခြေခံအကြောင်းတရားတွေ ဖြစ်ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အခြေအနေဆီကို လျှောက်လှမ်းနိုင်မယ့် လမ်းကြောင်းတစ်ခု ရှာတွေ့ဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဦးမင်းအောင်လှိုင်က အရပ်သားသမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံသည် မြန်မာနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် ကြိုးပမ်းမှုများကို ဦးဆောင်လျက်ရှိသည်။

တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန်အတွက် ကာလရှည်ကြာ တုံ့ဆိုင်းနေသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန် ဘန်ကောက်က “ချိန်ညှိထိတွေ့ဆက်ဆံမှု” (Calibrated Engagement) လုပ်ဆောင်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပူးတွဲကြေညာချက်အရ အာဆီယံခေါင်းဆောင်များသည် “အဆင့်လိုက်နှင့် တိုးတက်မှုအပေါ် အခြေခံသော ချဉ်းကပ်မှုမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ချိန်ညှိထိတွေ့ဆက်ဆံမှု” ကို လုပ်ဆောင်သွားရန် တောင်းဆိုရာ၌ အဆိုပါအသုံးအနှုန်းကို တနင်္ဂနွေနေ့တွင် အတည်ပြုလက်ခံခဲ့ကြခြင်း ဖြစ်သည်။

Ref: AFP Via FMT

မူရင်းသတင်း — Myanmar Transparency News