Eleven Media Group

GRU ၏ လုပ်ရပ်ကြောင့် အက်စတိုးနီးယား-ရုရှား နယ်စပ်ဂိတ်အားလုံးကို ပိတ်ရလိမ့်မည်ဟု အက်စတိုးနီးယား ပြောကြား

ဒရုန်းစက်ရုံကို ရုရှား၏GRU ထောက်လှမ်းရေးအဖွဲ့က မီးရှို့တိုက်ခိုက်ရန် ကြိုးပမ်းမှုအားတားဆီးခဲ့သည်ဟု အက်စတိုးနီးယားက ပြောကြားခဲ့ပြီးနောက် ရုရှားနှင့်ထိစပ်နေသောမိမိတို့၏နယ်နိမိတ်ကို ပိတ်ရလိမ့်မည်ဟု နိုဝင်ဘာ ၁၅ ရက်တွင် အက်စတိုးနီးယားက ပြောကြားသည်။

ယခုလုပ်ရပ်က အက်စတိုးနီးယားနှင့် ရုရှားတို့ တင်းမာမှု သိသိသာသာမြင့်တက်လာခြင်းကို အမှတ်အသားပြုနေသည်။

ယခုကဲ့သို့ ဒရုန်းစက်ရုံကိုတိုက်ခိုက်ရန် ရုရှားထောက်လှမ်းရေးအဖွဲ့၏ကြိုးပမ်းမှုသည် ယူကရိန်းနှင့်ဖြစ်ပွားနေသည့်စစ်ပွဲတွင် ရုရှားလုပ်ဆောင်သော အဖျက်အမှောင့်လုပ်ရပ်များထဲက ကျယ်ပြန့်သောအစိတ်အပိုင်းဖြစ်သည်ဟု အက်စတိုးနီးယားက ရူမြင်ထားသည်။

"အက်စတိုးနီးယားဟာ အက်စတိုးနီးယား-ရုရှားနယ်စပ်ဂိတ်တွေကို ဒီဇင်ဘာ ၁ ရက်နေ့ကနေစပြီး ပိတ်ပါတော့မယ်။ GRU က တိုက်ခိုက်တာကို ညွှန်ကြားခဲ့တယ်ဆိုတာ ရှင်းလင်းတဲ့အထောက်အထားရှိနေပါတယ် "ဟု အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး Margus Tsahkna က X တွင် ပို့စ်တင်ခဲ့သည်။

အက်စတိုးနီးယားက နယ်စပ်ဂိတ်များကို ပိတ်ပစ်ရတော့မည်ဟူသော ကြေညာချက်ကို ချက်ချင်းထုတ်ပြန်ခဲ့ရသည်အထိဖြစ်စေခဲ့သော အဖျက်အမှောင့် တိုက်ခိုက်မှုများ၏နောက်ကွယ်တွင် ရုရှားရှိနေသည်ဆိုခြင်းကို နိုဝင်ဘာ ၁၆ ရက်တွင် ကရင်မလင်က ငြင်းဆန်ခဲ့ပြီး နယ်စပ်ပိတ်ရန်ဆုံးဖြတ် ချက်က အက်စတိုးနီးယားအတွက် ဆန့်ကျင်ဘက်ရလဒ်ထွက်သွားစေလိမ့်မည်ဟု ဆိုသည်။

အက်စတိုးနီးယားက နယ်စပ်ဂိတ်အားလုံးကို ပိတ်ပစ်ရန် အမှန်တကယ် စီစဉ်ထားခြင်းရှိမရှိဆိုသည်ကို မိမိတို့ ဖော်ထုတ်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာခါဇာရိုဗာ က TASS သတင်းဌာနကို ပြောကြားခဲ့သည်။

GRU က အက်စတိုးနီးယား ကာကွယ်ရေး ကုမ္ပဏီ Threod Systems ကို နိုဝင်ဘာ ၁၄ ရက်ညတွင် အဖျက်အမှောင့်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်ဟု အက်စတိုးနီးယားဝန်ကြီးချုပ် ခရစ္စတန်မီချယ်က နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် X ၌ ရေးခဲ့သည်။

လုံခြုံရေးထူထပ်စွာချထားခြင်းကြောင့် ကြီးမားသော ပျက်စီးမှုများ ဖြစ်မလာခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ကလျင်လျင်မြန်မြန်တုံ့ပြန်ခဲ့ကြောင်း၊ တိုက်ခိုက်သူများကို ထိန်းသိမ်းထားသည်ဟု အက်စတိုးနီးယား ဝန်ကြီးချုပ်က ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group