Eleven Media Group

⬛ ဒေါ်နယ်ထရန့်၊ ရှီကျင်းပင်နှင့် ပူတင်တို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲပါဝင်မည့် APEC အစည်းအဝေး တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့၌ နိုဝင်ဘာ ၁၈ ရက်တွင် စတင်ကျင်းပမည်

⬛ Eleven Media Group အား APEC နှင့် ဆက်စပ်အစည်းအဝေးများ သတင်းရယူရန် တရုတ်အစိုးရ ၏ CPDA က ဖိတ်ကြား

ဒေါ်နယ်ထရန့်၊ ရှီကျင်းပင်နှင့် ပူတင်တို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပါဝင်မည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့၌ စတင်ကျင်းပမည်ဖြစ်သည်။

အဆိုပါ APEC နှင့် ဆက်စပ်အစည်းအဝေးများအား သတင်းရယူရန် Eleven Media Group အား တရုတ်နိုင်ငံ၊ China Public Diplomacy Association (CPDA)က ဖိတ်ကြားထားပြီး Eleven Media Group ၏ အမှုဆောင်အယ်ဒီတာ ကိုတိုးဝေဖြိုးနှင့် နိုင်ငံတကာ သတင်းအယ်ဒီတာ မမြတ်သက်မှူးကိုတို့ တက်ရောက်သတင်းရယူမည်ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံ ပါဝင်သည့် APEC အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်၏ ဆောင်ပုဒ်မှာ "Building an Asia - Pacific Community to Prosper Together" ဖြစ်သည်။

APEC အဖွဲ့တွင် စူပါပါဝါ ၃ နိုင်ငံသည် အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ ဖြစ်ပြီး APEC အဖွဲ့ဝင်နိုင်ငံများထဲတွင် အာဆီယံနိုင်ငံ ၇ နိုင်ငံပါဝင်ကာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့ဖြစ်သည်။

APEC အဖွဲ့သည် ကမ္ဘာ့ GDP စုစုပေါင်း၏ ရာခိုင်နှုန်း ၅၀ နှင့် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုထားသည်။

APEC အဖွဲ့သည် စတင်တည်ထောင်ချိန်မှစ၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများ လျှော့ချရေး၊ လွတ်လပ်သည့် ကုန်သွယ်မှုနှင့် နိုင်ငံပေါင်းစုံ ပါဝင်‌သော မူဝါဒကို မြှင့်တင်ပေးသည့် ပလက်ဖောင်းတစ်ခုအဖြစ် အဓိကလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များတွင် APEC အစည်းအဝေးများ၌ ဒစ်ဂျစ်တယ်အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရေး၊ AI နည်းပညာကို အကျိုးရှိစွာ အသုံးချရေး၊ ရေရှည်တည်တံ့သည့် စွမ်းအင်၊ စားနပ်ရိက္ခာဖူလုံရေး၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများအတွက် အခွင့်အလမ်းများ တိုးမြှင့်ရေး အစရှိတဲ့ အကြောင်းအရာများကိုလည်း ထပ်မံထည့်သွင်းပြီး ဆွေးနွေးလာခဲ့ကြသည်။

ယခုနှစ် APEC ထိပ်သီးအစည်းအဝေးပွဲတွင် အဓိကစောင့်ကြည့်ရမည့်အရာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၊ တရုတ်သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့၏ သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ဖြစ်ပြီး ယင်းအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

အဆို စူပါပါဝါနိုင်ငံ သုံးနိုင်ငံမှ ခေါင်းဆောင်သုံးဦး၏ တွေ့ဆုံမည့်အချိန်သည် ရုရှား-ယူကရိန်း စစ်ပွဲ၊ အမေရိကန်၊အစ္စရေးနဲ့ အီရန်ကြား ဖြစ်ပွားနေတဲ့စစ်ပွဲနှင့် အမေရိကန်နှင့်တရုတ်ကြား ဆက်လက်ဖြစ်ပွားနေဆဲ ကုန်သွယ်ရေး တင်းမာမှု စသည့် ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်ပေါ်နေချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။

ထို့ကြောင့် ခေါင်းဆောင်တစ်ဦးချင်းစီတွင် သီးခြားဦးစားပေးကိစ္စများ ရှိသော်လည်း ၎င်းတို့အားလုံးဆွေးနွေးချင်ကြမည့် အကြောင်းအရာအချို့လည်း ရှိနေနိုင်ကြောင်း ထင်ကြေးပေးမှုများ ရှိနေသည်။

ယင်းတို့အနက် ပထမဆုံးအချက်မှာ အမေရိကန်နှင့်ရုရှားတို့၏ မဟာဗျူဟာမြောက် နျူကလီးယားလက်နက် အရေအတွက်ကို ကန့်သတ်ထိန်းချုပ်ထားသော (New START) စာချုပ်နှင့် ပတ်သက်၍ စာချုပ်သစ် ချုပ်ဆိုရေးဖြစ်သည်။

အဆိုပါစာချုပ်သည် ဖေဖော်ဝါရီလအတွင်းက သက်တမ်းကုန်ဆုံးသွားခဲ့ပြီး ရုရှားနှင့် အမေရိကန်အတွက် ထိပ်တန်းဦးစားပေးဆွေးနွေးမည့်ကိစ္စ ဖြစ်ကြောင်း သိရသည်။

နောက်ထပ်ဆွေးနွေးနိုင်‌သော အကြောင်းအရာမှာ အီရန်စစ်ပွဲဖြစ်သည်။

ဖေဖော်ဝါရီလ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲဖြစ်ပွားလာခဲ့သည်မှာ ရက်ပေါင်း ၁၀၀ ကျော်ကြာမြင့်လာပြီဖြစ်သည်။

လက်ရှိတွင် အကြီးစားတိုက်ခိုက်မှုများ ရပ်တန့်နေသော်လည်း ပဋိပက္ခသည် မတိုးသာ၊ မဆုတ်သာအခြေအနေတွင် ရောက်ရှိနေသည်။

အလားတူ အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးအားပြိုင်မှုသည် ခေါင်းဆောင်သုံးဦး တွေ့ဆုံချိန်တွင် ဆွေးနွေးနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ထရန့်က တရုတ်နိုင်ငံအပေါ် ကုန်သွယ်ခွန် ၁၄၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့ပြီး တရုတ်ကလည်း အမေရိကန်သွင်းကုန်တွေအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း တိုးမြှင့်ပြီး တုံ့ပြန်ခဲ့သည်။

မကြာသေးခင်က တောင်ကိုရီးယားနှင့် အမေရိကန်မှာ ထရန့်နဲ့ ရှီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် နှစ်နိုင်ငံကြားအခွန်နှုန်းထားများကို လျှော့ချခဲ့ပြီး သဘောတူညီချက် အများအပြားလည်း ရရှိခဲ့သည်။

ထရန့်၊ ရှီနှင့် ပူတင်တို့၏ တွေ့ဆုံမှုအတွင်း ယူကရိန်းအရေးဆွေးနွေးရန် အလားအလာအလွန်နည်းပါးကြောင်း ကျွမ်းကျင်သူများက ပြောသည်။

မူရင်းသတင်း — Eleven Media Group