NP News

မှော်ဘီတွင် ဘုန်ကြီးကျောင်းတစ်ခုအတွင်းရှိ သဘာဝရေကန်၌ ရေခပ်ရာမှ ချော်ကျပြီး ကိုရင်တစ်ပါး ရေနစ်သေဆုံး

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ဘုန်ကြီးကျောင်းတစ်ခုအတွင်းရှိ သဘာဝရေကန်၌ ရေခပ်ရာမှ ချော်ကျပြီး ကိုရင်တစ်ပါး ရေနစ်သေဆုံးခဲ့ကြောင်း မှော်ဘီမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၁၈ ရက်)၊ နေ့လည်(၁၂)နာရီ(၂၈)မိနစ်ခန့်က မှော်ဘီမြို့နယ်၊ အင်းလျက်ကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ၊ လောကမေတ္တာဂန္ဓာရုံဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကိုရင်က ရေခပ်ရင်းနဲ့ ချော်ကျပြီး ပြုတ်ကျသွားတာ။ ကိုရင်က ရေမကူးတတ်ဘူး။ အဲဒါကြောင့်ပါ။ ကျွန်တော်တို့ကို လာသတင်းပို့တဲ့ အချိန်တောင် မိနစ်(၃၀)ကျော်လောက်ရှိပြီ”ဟု တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
ထိုသို့ ဖြစ်ပွားသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ (၂)နာရီနီးပါးအကြာတွင် ရေနစ်သေဆုံးနေသည့် ကိုရင်၏ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနစ်ကွယ်လွန်သည့် ကိုရင်သည် သက်တော်(၁၉)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News