Eleven Media Group

ပေါင်မြို့ ကဒါရပ်ကွက်ရှိ ရထားလမ်းကူးနေရာ၌ လမ်းပြင်ရထားနှင့်  ကြက်များတင်ဆောင်လာသည့် ကုန်တင်ယာဉ်တို့ တိုက်မှုဖြစ်ပွား

ပေါင်မြို့ ကဒါရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရုံးအနီး ဘုရားလမ်းရှိ ရထားလမ်းကူးနေရာ၌ လမ်းပြင်ရထားနှင့် ကြက်များတင်ဆောင်လာသည့် ကုန်တင်ယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ယနေ့ နိုဝင်ဘာလ (၁၈) ရက်‌နေ့ ညနေ (၄) နာရီအချိန်ခန့်က အဆိုပါ ရထားလမ်းကူးနေရာ၌ ပေါင်ဘူတာဘက်မှ သဲဖြူကုန်း‌ဘူတာဘက်သို့ ခုတ်မောင်းလာသည့် ရထားလမ်းပြုပြင်ထိန်းသိမ်းရေးလုပ်‌ဆောင်သည့် ရထားနှင့် ကြက်များတင်ဆောင်လာသည့် ဖူဆိုအမျိုးအစား ကုန်တင်ယာဉ်တို့တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ပေါင်မြို့ခံ တစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး "ရထားလမ်းမှာက ဂိတ်ရှိပေမယ့် ကျောင်းဆင်းချိန်ဖြစ်လို့ ဂိတ်ကဖွင့်လျှက်သားဖြစ်နေတာကို ကုန်ကားက ရထားလာနေတာကိုသတိမပြုမိဘဲ ဖြတ်ဝင်တိုက်လိုက်လို့ တိုက်မိတဲ့ပုံစံမျိုးဖြစ်သွားတာပါ" ဟု ပြောကြားသည်။

ထိုဖြစ်စဉ်ကြောင့် ကြက်များတင်ဆောင်လာကုန်တင်ယာဉ်မမှာ လမ်းပြင်ရထားကအောက်တွင် ပိမိလျှက်သားဖြစ်သွားကြောင်း၊ လမ်းပြင်ရထားမှာလည်း လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ကုန်တင်ယာဉ်မောင်ဖြစ်သူ ဦးစိုးမိုးနိုင် မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဦးစိုးမိုးနိုင် အား ဘစိုးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ‌ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လမ်းပြင်ရထားနှင့် ကုန်တင်ယာဉ်တိုက်မှုကြောင့်ညထိခိုက်ပျက်ဆီးမှုများအား သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်း ပြုပြင်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း သတင်းရရှိသည်။

Photo Credit - ဘစိုးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့၊ ဝရဇိန် (ပေါင်)

မူရင်းသတင်း — Eleven Media Group