Eleven Media Group

■ ဒေါ်နယ်ထရန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် ပါကစ္စတန်အမျိုးသား ထောင်ဒဏ် ၂၇ နှစ်ကျော် ချမှတ်ခံရ

အီရန်၏စေခိုင်းမှုဖြင့် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ထင်ရှားသည့် အမေရိကန်နိုင်ငံရေးသမားများကို လုပ်ကြံရန် ကြံစည်ခဲ့သည့် ပါကစ္စတန်အမျိုးသားတစ်ဦးကို အမေရိကန်တရားရုံးက ထောင်ဒဏ် ၂၇ နှစ်ကျော် ချမှတ်လိုက်ကြောင်း အမေရိကန်တရားရေးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၄၈ နှစ်အရွယ် အာဆစ်ဖ်မားချန့်ကို နယူးယောက်မြို့ ဘရွတ်ကလင်ရှိ ဖက်ဒရယ်တရားရုံးတွင် နိုင်ငံတကာနယ်နိမိတ်များကို ကျော်လွန်သည့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်ရန်ကြိုးပမ်းမှုနှင့် ငွေကြေးပေး၍ လူသတ်ရန်စီစဉ်မှုတို့ဖြင့် ထောင်ဒဏ် ၂၇ နှစ်နှင့် ၆ လ ချမှတ်ခဲ့သည်။

အစိုးရရှေ့နေများ၏ အဆိုအရ မားချန့်သည် ၂၀၂၀ ခုနှစ်တွင် အီရတ်နိုင်ငံ၌ အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် အီရန်စစ်ဘက်တပ်မှူး ကာဆင် ဆိုလေမာနီ သေဆုံးခဲ့မှုကို လက်တုံ့ပြန်ရန်ရည်ရွယ်ပြီး ထရန့်နှင့် နိုင်ငံရေးသမားများကို ပစ်မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်ရေးအစီအစဉ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ဆိုလေမာနီ လုပ်ကြံခံရချိန် ထရန့်က ပထမအကြိမ် သမ္မတသက်တမ်း ထမ်းဆောင်နေချိန်ဖြစ်သည်။

ပစ်မှတ်များအဖြစ် ထိုစဉ်က သမ္မတဂျိုးဘိုင်ဒင်နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း နစ်ကီ ဟေလီတို့လည်း ပါဝင်ခဲ့သည်။ မားချန့်သည် အမေရိကန်မြေပေါ်တွင် နိုင်ငံရေးသမားများကို လုပ်ကြံသတ်ဖြတ်နိုင်ရန် စီစဉ်ခဲ့မှု၌ အပြစ်ရှိကြောင်း မတ်လကပြုလုပ်ခဲ့သည့် တရားခွင်တွင် ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

တရားခွင်တွင် မားချန့်က အီရန်အစ္စလမ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ပူးပေါင်းကာ လုပ်ကြံရေးအစီအစဉ်တွင် ပါဝင်ခဲ့ရပြီး တီဟီရန်တွင် နေထိုင်သည့် မိသားစုကိုကာကွယ်ရန် ပါဝင်ခဲ့ရခြင်းဖြစ်ကြောင်း ၊ မည်သူ့ကို သတ်ဖြတ်ရမည်ဟု တိတိကျကျညွှန်ကြားချက် မရခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

အမေရိကန်အာဏာပိုင်များက လုပ်ကြံမှုတစ်စုံတစ်ရာ မဖြစ်ပွားမီ ယင်းအစီအစဉ်ကို ဖော်ထုတ်တားဆီးနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီတွင် မားချန့်က လုပ်ကြံရေးအစီအစဉ်အတွက် အကူအညီတောင်းခဲ့သည့် လူတစ်ဦးက အာဏာပိုင်များထံ သတင်းပေးခဲ့ပြီး သတင်းပေးအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ဆိုသည်။

မားချန့်ကို အမေရိကန်နိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ဖမ်းဆီးမိခဲ့သည်။ အီရန်အစိုးရကမူ ထရန့်နှင့် အခြားအမေရိကန်တာဝန်ရှိသူများကို ပစ်မှတ်ထားခြင်း၊ လုပ်ကြံတိုက်ခိုက်ရန် ကြံစည်ခြင်းတို့ ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များအား ငြင်းဆိုခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group