

၁၈.၁၁.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ မယင်းလေးအိမ်စုကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၄၃/၂ နှင့် ၄၃/၃အကြားတွင် လမ်းဘေး၌ ရပ်တန့်ထားသည့် နောက်တွဲယာဉ်ကို ခြောက်ဘီးယာဥ် ဝင်တိုက်ရာမှ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရမှု နိုဝင်ဘာ ၁၇ ရက် နံနက် ၅ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ လမ်းညာဘက်အစပ်၌ ညအိပ်ရပ်နားထားသည့် FAW အမျိုးအစား နောက်တွဲယာဉ်ကို ဆန့်ကျင်ဘက် ပဲခူးဘက်မှ ဘုရားကြီးဘက်သို့ မောင်းနှင်လာသော ISUZU အမျိုးအစား ခြောက်ဘီး မော်တော်ယာဥ်က အရှိန်ပြင်းစွာဖြင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် ခြောက်ဘီးယာဥ်မောင်း အသက် ၃၂ နှစ်အရွယ် ဦးအောင်ဇော်လင်းမှာ ကားခေါင်းအတွင်း ညပ်မိ၍ နေရာတွင် သေဆုံးခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို မင်းပရဟိတအသင်းမှ အသင်းဝင်များက ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ရပ်ထားသောနောက်တွဲယာဥ်ပေါ်မှ အမျိုးသားနှစ်ဦးမှာ ဒဏ်ရာများရရှိသဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီ ၂၀ မိနစ်ခန့်ကလည်း ဘုရားကြီးမြို့၊ ဘုရားကလေးကျေးရွာအနီး ရွာလယ်တံတားအနီးတွင် ဆိုင်ကယ်တစ်စီးကို ကျော်တက်လာသော ဘေးတွဲဆိုင်ကယ်နှင့် ကွန်တိန်နာတင် ယာဥ်တို့ တိုက်မိရာမှ ဘေးတွဲဆိုင်ကယ်မောင်းသူ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။