
(မှုခင်း) နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ကမာဝက်နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် ဒေသခံအမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ပထမဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်က ကမာဝက်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဆေးရုံအနောက်ဘက် သုံးအိမ်ကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကမာဝက်နယ်မြေရဲစခန်းမှ ရဲတပ်သား ဆန်းလွင်ဦးသည် ဈေးဝယ်နေစဉ် ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် အမည်မသိသေနတ်သမားနှစ်ဦး၏ ပစ်ခတ်မှုခံခဲ့ရကြောင်း သိရသည်။
ဒုတိယဖြစ်စဉ်မှာ မုဒုံမြို့အဝင် ဘီးခွန်ကောက်ခံရေးဂိတ်နှင့် ဖားအောက်တောရကျောင်းအဝင်လမ်းအနီးတွင် ဖြစ်ပွားခဲ့သည်။
မုဒုံမြို့၊ ဝက်တဲကျေးရွာနေ မျိုးသူရအောင်သည် ကျုံဖိုက်ကျေးရွာရှိ ၎င်းပိုင် ဒူးရင်းခြံသို့ သွားရောက်ကာ ဒူးရင်းပင်များကို ရေလောင်းပြီးနောက် မုဒုံမြို့ဘက်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာစဉ် နောက်မှလိုက်ပါလာသည့် အနက်ရောင် Vigo ကားပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်ခတ်မှုကျူးလွန်သူများသည် အဆိုပါကားဖြင့် ဖားအောက်တောရကျောင်းလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရသူ ရဲတပ်သား ဆန်းလွင်ဦးနှင့် မျိုးသူရအောင်တို့ကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရဲတပ်သား၏ ဒဏ်ရာမှာ စိုးရိမ်ဖွယ်မရှိသော်လည်း မျိုးသူရအောင်၏ ဒဏ်ရာမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရသည်။