Positive Angle News

တောင်ကြီး-သာစည်ရထားဖြင့် သစ်သီးခြင်းများအတွင်း ဝှက်သယ်လာသည့် ဘိန်းစိမ်းအစို ၃၁.၉ ကီလိုနှင့်အတူ နှစ်ဦးဖမ်းဆီးရမိ

(မှုခင်း) နိုဝင်ဘာ ၁၈

တောင်ကြီး-သာစည် ရထားပေါ်သို့ သယ်ဆောင်လာသည့် ထောပတ်သီးနှင့် လိမ္မော်သီးများထည့်ထားသော ခြင်း ၅ လုံးအတွင်းမှ ဘိန်းစိမ်းအစို ၃၁.၉ ကီလိုကို နိုဝင်ဘာ ၁၆ ရက်တွင် ကလောဘူတာ၌ ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ကလောဘူတာ ရထားစင်္ကြံလမ်းတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမှုအတွင်း မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ သန်းထွန်းနှင့် ချမ်းမြသာစည်မြို့နယ်နေ ခိုင်ခိုင်မော်တို့နှစ်ဦးကို တားဆီးစစ်ဆေးခဲ့ရာ ၎င်းတို့ယူဆောင်လာသည့် သစ်သီးခြင်း ၅ လုံးအတွင်းမှ ဘိန်းစိမ်းအစို ၂၅ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ဘိန်းစိမ်းအစိုမှာ အလေးချိန် ၃၁.၉ ကီလိုရှိပြီး ဒေသတန်ဖိုး ကျပ် ၁၂,၇၆၀,၀၀၀ ရှိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ သန်းထွန်းနှင့် ခိုင်ခိုင်မော်တို့နှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး မူးယစ်ဆေးဝါးသယ်ဆောင်မှုနှင့် ဆက်စပ်သူများကို ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Positive Angle News