
၁၈.၁၁.၂၀၂၆
Written by Linn Eain
ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မူးယစ်တရားခံ၏ ဖော်ထုတ်ချက်အရ ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၃ သိန်းကျော်ကို ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ နိုဝင်ဘာ ၁၈ ရက် ညပိုင်း သတင်းထုတ်ပြန်မှုအရ သိရသည်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွိုင်ခွမ်ခရိုင်၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ နိုင်ငံဖြတ်ကျော်ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူ အောင်ဇော်မင်းခန့် (၄၂ နှစ်)ကို နိုဝင်ဘာလ ၃ ရက်တွင် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နိုဝင်ဘာလ ၄ ရက်က CCDAC Myanmar က သတင်းထုတ်ထားပြန်ထားသည်။
အဆိုပါ အောင်ဇော်မင်းခန့်၏ ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများအား ဂိုဒေါင်ငှားရမ်းပြီး သိုဝှက်သိမ်းဆည်းထားကြောင်း သိရသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၄ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်ရှိ ဂိုဒေါင်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၃၃ ဒသမ ၅ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၅ ဒသမ ၀၂၅ ဘီလီယံ)အား မထက်ထက်အောင်၊ မနှင်းနုနုလှိုင်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက် စစ်ဆေးဖော်ထုတ်ချက်များအရ အောင်ဇော်မင်းခန့်သည် မူးယစ်ပြစ်မှုများကျူးလွန်ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့်ကာလတွင် မူးယစ်ဆေးဝါး နိုင်ငံဖြတ်ကျော်သယ်ဆောင်ရောင်းဝယ်မှုကို အကြိမ်ကြိမ်ကျူးလွန်ရာ၌ ၎င်း၏အစီအမံဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နေ အခြားမူးယစ်အမှုများမှ အလိုရှိတရားခံပြေးဖြစ်သူ စိုင်းခမ်းပန်(ခ)အားရှင်း(ဖမ်းဆီးရန်ကျန်)မှ မန္တလေးသို့ ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများအား အောင်ဇော်မင်းခန့် ၏ ခိုင်းစေချက်အရ မနှင်းနုနုလှိုင်မှ လက်ခံ၍ ဂိုဒေါင်ငှားရမ်းသိုလှောင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တမူးမြို့နေ မဟောက်မန်းကျိန်(ခ)မငယ်(ဖမ်းဆီးရန်ကျန်)နှင့် လာရောက်လက်ခံယူသူများကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းနှင့် မထက်ထက်အောင်မှ မူးယစ်ဆေးဝါးများရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်း လက်ခံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ တရားခံနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၅၆ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ တရားခံ ၆ ဦးနှင့်အတူ စိတ်ကြွဆေးပြား ၃ ဒသမ ၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလို၊ ဘိန်းဖြူ ၁၆ ဒသမ ၃၉၆ ကီလိုတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကာ အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူ အောင်ဇော်မင်းခန့် ၄၂ နှစ်၊ ကံကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူမှာ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ရာ သတင်းဖလှယ်ပေးပို့ဆောင်ရွက်မှုကြောင့် ထိုင်းနိုင်ငံတွင် အောက်တိုဘာလ ၄ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဥ်မှ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။