Myanmar Transparency News

ဒလတွင် နေအိမ် နှစ်လုံး မီးလောင်မှု ဘတ္ထရီဆိုင်ကယ်အားသွင်းရင်း အပူလွန်ကဲရာမှ ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိ

၁၈.၁၁.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၃ နာရီ ၅၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သော လူနေအိမ်နှစ်လုံးနီးပါး မီးလောင်ဆုံးရှုံးမှုမှာ ဘတ္ထရီဆိုင်ကယ်အားသွင်းရင်း အပူလွန်ကဲရာမှ မီးလောင်မှု​ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ သွပ်မိုး၊ ပျဥ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ်နေအိမ်တွင် ဘတ္ထရီဆိုင်ကယ်ကို မီးအားမြှင့်စက်ဖြင့် အားသွင်းရာမှ ဘတ္ထရီအိုးအပူလွန်ကဲ၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် လူနေအိမ်တစ်လုံးနှင့် အခြားလူနေအိမ်၏တစ်ခြမ်းအပြင် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

လူနေအိမ်မီးလောင်မှုကြောင့် အသက် ၄၈ နှစ်အရွယ် ဒေါ်သိန်းလှကို ရာဇသတ်ကြီးဥပဒေပုဒ်မ၂၈၅ ဖြင့် ဒလမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News