
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် China Media Group (CMG) တို့ ပူးပေါင်းကျင်းပသည့် “CPC အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ၏ ပ ဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေးနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ” ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ၏ ပ ဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေး၏ အနှစ်သာရများ၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများ စသဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် MISIS ဥက္ကဋ္ဌ ဦးသန့်ကျော်က “တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်အသစ်များဟာ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
MISIS ၏ အမှုဆောင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သိန်းက “တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် စီမံကိန်းတွင် စိမ်းလန်းသော စွမ်းအင်ကူးပြောင်းမှုကို ဦးစားပေးထားရာ မြန်မာနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင် စီမံကိန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်နိုင်ခြင်း၊ EV ကားနဲ့ E bike တွေ တင်သွင်းရုံတင်မကဘဲ ပြည်တွင်းမှာ အပိုပစ္စည်း တပ်ဆင် ထုတ်လုပ်ခြင်း၊ Charging Station ကွန်ရက်များ တိုးချဲ့ခြင်းနဲ့ ဘက်ထရီ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုတွေကိုပါ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
စာရေးဆရာ ဦးမောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်) က “တရုတ်နဲ့မြန်မာနှစ်နိုင်ငံ အစဉ်အလာ ပေါက်ဖော်ချစ်ကြည် ရင်းနှီးမှုဟာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ယဉ်ကျေးမှုဖလှယ်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့အတွက် အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးပါတယ်” ဟု ဆွေးနွေးခဲ့သည်။
CPC အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ၏ ပ ဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် “ပါတီအပေါ် ဘက်စုံတင်းကျပ်သော စီမံခန့်ခွဲမှုကို မလျှော့သောဇွဲဖြင့် စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်ရေးဆိုင်ရာ အရေးကြီးကိစ္စရပ်များအပေါ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်” ကို စိစစ်အတည်ပြုခဲ့ကြောင်း သိရသည်။