NP News

(၂၀၂၇)ခုနှစ်အတွက် ယူကရိန်းကို ယူရို(၄၅)ဘီလျံချေးငွေပေးဖို့ ဥရောပသမဂ္ဂအဆိုပြု

Pika (NP News)- နိုဝင်ဘာ ၁၉
ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ ယူကရိန်းရဲ့(၂၀၂၇)ခုနှစ်ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ယူရို(၄၅)ဘီလျံပမာဏရှိတဲ့ ချေးငွေတစ်ရပ်ကို ယူကရိန်းကိုပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ဥရောပသမဂ္ဂက အဆိုပြုခဲ့တယ်လို့သိရပါတယ်။
ဒီရန်ပုံငွေက လာမယ့်နှစ်မှာ ယူကရိန်းကရင်ဆိုင်ရမယ့် ယူရို(၇၀)ဘီလျံခန့်ရှိ ဘဏ္ဍာရေးလိုငွေရဲ့ သုံးပုံနှစ်ပုံကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး ကျန်ရှိနေတဲ့ လိုငွေပမာဏကို ဖြည့်ဆည်းပေးဖို့အတွက် ယူကရိန်းကို ထောက်ပံ့ကူညီနေတဲ့ အခြားနိုင်ငံတွေကိုလည်းပါဝင်လာစေဖို့ ဥရောပသမဂ္ဂကတွန်းအားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဥရောပကော်မရှင်အကြီးအကဲဗွန်ဒါလီယန်က”ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တာက အချိန်(၅)နှစ်နီးပါးရှိလာပြီဖြစ်ပေမယ့်လည်း ဥရောပကစည်းလုံးညီညွတ်စွာရပ်တည်နေဆဲဖြစ်ပါတယ်။စစ်ပွဲကာလရော ငြိမ်းချမ်းရေးကာလမှာပါ ယူကရိန်းကိုကူညီထောက်ပံ့ပေးဖို့ ကျွန်မတို့ဆုံးဖြတ်ထားဆဲဖြစ်ပါတယ်။ဒီနည်းလမ်းက ယူကရိန်းအတွက် ဆွေးနွေးညှိနှိုင်းရေးစားပွဲဝိုင်းမှာ ခိုင်မာတဲ့အားသာချက်တစ်ခုရရှိစေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ကျွန်မတို့ထင်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ရုရှားကယူကရိန်းမှာဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးငွေပေးချေမှသာလျှင် ယူကရိန်းက ဒီချေးငွေကိုပြန်ဆပ်ဖို့လိုမှာဖြစ်တယ်လို့လည်း ဗွန်ဒါလီယန်ကပြောကြားခဲ့ပါတယ်။
ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ လာမယ့်သီတင်းပတ်မှာ ဘရပ်ဆဲလ်မြို့မှာကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ဒီချေးငွေကိစ္စကို ဆွေးနွေးသွားကြမှာဖြစ်ပြီး သဘောတူညီချက်တစ်ခုရရှိဖို့ မျှော်လင့်ထားကြတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ ဥရောပသမဂ္ဂက ယူကရိန်းအတွက် ယူရို(၉၀)ဘီလျံတန်ဖိုးရှိ ချေးငွေတစ်ရပ်ကို ထုတ်ပေးလျက်ရှိပြီး ဒီငွေပမာဏက လာမယ့်နှစ်ကုန်အထိ ယူကရိန်းအတွက် လုံလောက်မှုရှိစေဖို့ မျှော်လင့်ထားတယ်လို့လည်းသိရပါတယ်။

မူရင်းသတင်း — NP News