




ကျိုက်ထို၊ နိုဝင်ဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်ဒေသတွင်း စားသုံးဆီဖူလုံရေးနှင့် တောင်သူများ၏ မိသားစုဝင်ငွေ တိုးတက်စေရေးအတွက် နေကြာနှင့် ဆီထွက်သီးနှံမျိုးစေ့များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ဒေသတွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်းနှင့် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များကို စနစ်တကျ အသုံးချ၍ အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်းဗိုလ်က နေကြာနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် လိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ မြေဩဇာ အချိုးကျ သုံးစွဲရေးနှင့် ပိုးမွှားရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ဆီထွက်သီးနှံများအား အခန်းကဏ္ဍများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင့်လွင်နှင့်တာဝန်ရှိသူများက စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သည့် မျိုးကောင်းမျိုးသန့် နေကြာနှင့် ဆီထွက်သီးနှံ မျိုးစေ့များကို တက်ရောက်လာသည့် စိုက်ပျိုးတောင်သူများထံ အသီးသီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဒေသခံစိုက်ပျိုးတောင် သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး
#Myanmar #News