
သန်းထိုက်စိုး (NP News) - နိုဝင်ဘာလ ၁၉
အာဒမ်စမစ်နှင့်နိုင်ငံများ၏ ဥစ္စာဓန
အာဒမ်စမစ်(Adam Smith)နှင့်နိုင်ငံများ ၏ဥစ္စာဓန(The Wealth of Nations)စာအုပ် ထွက် ရှိခဲ့သည်မှာ နှစ် (၂၅၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကျောင်းသားအများစုသည် အာဒမ်စမစ် သို့မဟုတ် ကားလ်မာ့ခ်စ်ကင်းပွန်းတပ်ခဲ့သည့် ရှေးရိုးစွဲစီးပွားရေး ပညာစတင်ရာစာအုပ်အဖြစ်သာ ကြားဖူးကြပြီး သင်္ချာ ညီမျှခြင်းများမပါရှိသဖြင့် စာအုပ်တစ်အုပ်လုံးကိုမဖတ် ဖူးကြပါ။ ဤစာအုပ်ကိုဖတ်ရသည်မှာ အလွန်အားရ စရာကောင်းပြီး လူမှုရေးရာအကြောင်းအရာများစွာ ပါဝင်ပါသည်။ စမစ်သည် လုပ်ငန်းခွင် ခွဲဝေဆောင် ရွက်ခြင်းကိုစတင်မိတ်ဆက်ခဲ့ပြီး ကုန်သွယ်ရေးသည် ယင်း၏ရလဒ်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် အထူးပြုလုပ်ကိုင်ခြင်းသည် ဈေးကွက်ပမာဏအပေါ် မူတည်၍ အကန့်အသတ်ရှိကြောင်း လေ့လာဆန်းစစ် ပြခဲ့သည်။ စမစ်သည် ကမ္ဘာ့သမိုင်း၊ ပထဝီဝင်နှင့် ခေတ်ပြိုင်ကမ္ဘာကြီးကို တိတိကျကျလေ့လာခဲ့သူ ပညာရှင်တစ်ဦးလည်း ဖြစ်သည်။
ပင်လယ်ရေကြောင်းကုန်သွယ်ရေးသည် ကုန်းကြောင်းထက် စရိတ်သက်သာကြောင်းလည်း စမစ်ကထောက်ပြခဲ့သည်။ ထို့ပြင် ပင်လယ်ထွက် ပေါက်မရှိသောနိုင်ငံများအကြောင်းကိုလည်းထောက် ပြခဲ့ပြီး အဆိုပါ ပထဝီဝင်အခြေအနေများသည် နိုင်ငံ များ၏ဖွံ့ဖြိုးရေးတွင် များစွာ သက်ရောက်မှုရှိသည်။ အာဒမ်စမစ်ထောက်ပြခဲ့သည့် နောက်ထပ်အရေးကြီး သည့်ဖြစ်စဉ်တစ်ခုမှာ (၁၄၉၂)ခုနှစ်တွင် ကိုလံ ဘတ်စ်က အမေရိကတိုက်သို့ ရေကြောင်းလမ်းသစ် ရှာဖွေတွေ့ရှိခဲ့ခြင်းနှင့် (၁၄၉၈)ခုနှစ်တွင် ဗာစကိုဒါဂါး မားက အာရှသို့ ရေကြောင်းလမ်းသစ် ရှာဖွေတွေ့ရှိ ခဲ့ခြင်းတို့ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှစ်ခုသည် ရေခဲ ခေတ်အပြီး မီတာပေါင်းများစွာ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်မှုကြောင့် နှစ်ပေါင်း(၁၂,ဝဝဝ)ခန့် သီး ခြားစီကွဲကွာနေခဲ့သည့် ကမ္ဘာဟောင်းနှင့်ကမ္ဘာသစ်ကို ပြန်လည် ဆက်သွယ်ပေးခဲ့ခြင်းဖြစ်သည်။ စမစ်၏အဆိုအရ ယင်းအခြေအနေသည် လူသားသမိုင်းတွင် အရေးအပါဆုံးအဖြစ်အပျက်များဖြစ်ပြီး လူသား မျိုးနွယ်ကို တပေါင်းတစည်းတည်းဖြစ်စေခဲ့သည်ဟု ဆိုသည်။
ကိုလံဘတ်စ်၏တွေ့ရှိမှုသည် မရည်ရွယ် ဘဲ တိုင်းရင်းသားလူထုဆီ ဆင်းရဲဒုက္ခများဆောင် ကြဉ်းပေးခဲ့သော်လည်း တစ်နေ့တွင် အဆိုပါတိုင်းရင်း သားလူထုသည် အသိပညာဗဟုသုတများစီးဆင်းမှု မှတစ်ဆင့် ရုန်းထလာမည်ဟု စမစ်က ကြိုတင်ခန့်မှန်း ခဲ့သည်။ ကုန်သွယ်ရေးကဆောင်ကြဉ်းပေးသည့် အသိပညာများမှတစ်ဆင့် ကမ္ဘာကြီးကို ပြန်လည်ဟန် ချက်ညီစေပြီး ဥရောပ၏ဗိုလ်ကျစိုးမိုးမှုများကို ရပ် တန့်စေမည်ဟု ကုန်သွယ်ရေးကျွမ်းကျင်သူ ပညာရှင် များကသုံးသပ်ခဲ့သည်။ အဆိုပါခန့်မှန်းချက်အတိုင်း ဒုတိယကမ္ဘာစစ်အပြီး နယ်ချဲ့ခေတ်ကုန်ဆုံးကာ (၁၉၅၀)နောက်ပိုင်းနှင့် (၂၀ဝဝ)ပြည့်လွန်နှစ်များ တွင် အမှန်တကယ်ဖြစ်လာခဲ့သည်။ ယခုအခါ အ နောက်အုပ်စု၏လွှမ်းမိုးမှု လုံးဝမရှိတော့သည့် ဘက် ပေါင်းစုံ အင်အားဗဟိုပြုကမ္ဘာကြီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ တရုတ်နိုင်ငံ၏စီးပွားရေးသည် အမေရိ ကန်ထက်ပိုမိုကြီးမားလာခဲ့ပြီး အာရှသည် ကမ္ဘာ့စီးပွား ရေး၏တစ်ဝက်ခန့်ကိုပိုင်ဆိုင်ကာ ကမ္ဘာ့ဇာတ်ခုံပေါ် ပြန်လည်ရောက်ရှိလာခဲ့သည်။
အာဒမ်စမစ်သည် ကိန်းဂဏန်းအချက်အ လက်ဆိုင်ရာတိုင်းတာမှုများမရှိသေးမီ နှစ်(၁၅၀) အ လိုကတည်းက ကမ္ဘာကြီး ပြန်လည်ဟန်ချက်ညီလာ မည်ကို ကြိုတင်ခန့်မှန်းခဲ့ရုံမျှမက အားလုံး သာယာဝ ပြောရေးအတွက် လိုအပ်ချက်အဖြစ် မျှော်လင့်တောင့် တခဲ့သည်။ တရုတ်နိုင်ငံတွင် လူဦးရေ (၁ ဒသမ ၄) ဘီလျံကျော် ဆင်းရဲမွဲတေမှုမှရုန်းထွက်နိုင်ခဲ့ခြင်းကို စစ်ရေးပြင်ဆင်မှုများဖြင့် စိုးရိမ်မနေဘဲ ဂုဏ်ပြုသင့် ပါသည်။ သို့သော် သဘာဝစီးပွားရေးအင်အားစုများ သည် ဥရောပနယ်ချဲ့ဝါဒနှင့် ဂျပန်နယ်ချဲ့ဝါဒတို့ ကြောင့် နှစ်(၁၅၀)နီးပါး တားဆီးခံခဲ့ရပြီး ကွဲထွက်မှု ခေတ်ကို ဖြစ်ပေါ်စေခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး အချုပ်အခြာအာဏာရရှိလာမှသာ နယ်ချဲ့ခေတ်ကွာ ဟချက်များကိုကျဉ်းမြောင်းစေကာ ပေါင်းစည်းညီမျှမှု ခေတ်သို့ရောက်ရှိလာခဲ့သည်။
ပထဝီဝင်၊ နိုက်ထရိုဂျင်နှင့် စိုက်ပျိုးရေးစနစ်များ
ကမ္ဘာ့စီးပွားရေးနှင့် သမိုင်း၏ပုံသဏ္ဌာန်ကို နားလည်အောင်ကြိုးစားရာတွင် ရုပ်ပိုင်းဆိုင်ရာ ပထ ဝီဝင်သည် အခြေခံကျပြီး အရေးလည်းပါသည်။ သို့သော် စမစ်သည် ရောဂါပိုးမွှားသီအိုရီများမပေါ်သေး သဖြင့် အမေရိကတိုက် တိုင်းရင်းသား (၉၀) ရာခိုင် နှုန်းမှ (၉၅)ရာခိုင်နှုန်းခန့်သေဆုံးခဲ့ရသည့် အဓိက အကြောင်းရင်းမှာ ဥရောပသားများသယ်ဆောင်လာ သည့် ကမ္ဘာဟောင်းရောဂါပိုးမွှားများကြောင့်ဖြစ် ကြောင်း နားမလည်ခဲ့ပါ။ သမိုင်းတစ်လျှောက်တွင် မြစ်ချောင်းများ၊ ရာသီဥတု၊ တောင်တန်းများနှင့် ရော ဂါပိုးမွှားများသည် လူ့သမိုင်းကို အခြေခံကျကျ ပုံဖော် ပေးခဲ့ကြသည်။ ကမ္ဘာ့စိုက်ပျိုးရေးစနစ်တွင် အေဒီ (၁၈၀ဝ)ဝန်းကျင်အထိ စားသောက်ကုန် ထုတ်လုပ်မှု စနစ်သည် ကမ္ဘာ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ခဲ့ သည်။ သီးနှံစိုက်ပျိုးရေးအတွက်လိုအပ်သည့် နိုက်ထ ရိုဂျင်အကန့်အသတ်ရှိမှုသည် (၁၉၁၂)ခုနှစ်တွင်ပေါ် ပေါက်ခဲ့သည့် လေထုထဲတွင်ရှိသော နိုက်ထရိုဂျင် (Nitrogen)ဓာတ်ငွေ့နှင့် ဟိုက်ဒရိုဂျင်(Hydrogen)ဓာတ်ငွေ့တို့ကိုပေါင်းစပ်ပြီး ဓာတုနိုက်ထရိုဂျင် မြေဩဇာပေါ်ထွက်လာချိန်မှသာ ပြေလည်သွားခဲ့ သည်။
အင်္ဂလိပ်စီးပွားရေးပညာရှင် မားလ်သတ်စ် (Thomas Robert Malthus - 1766-1834) ၏ မြေယာအကန့်အသတ်ကြောင့် လူဦးရေတိုးတက်မှု ထိန်းချုပ်ခံရသည်ဆိုသည့်သီအိုရီသည် အခြေခံအား ဖြင့်မှားယွင်းနေပြီး သမိုင်းတစ်လျှောက် လူဦးရေကို ကန့်သတ်ထားသည်မှာ ရောဂါပိုးမွှားများကြောင့်ဖြစ် ပွားသည့်သေဆုံးနှုန်းကြောင့်သာဖြစ်သည်။ လွန်ခဲ့ သော နှစ်(၂,ဝဝဝ)ကတည်းက လူဦးရေသိပ်သည်းဆများ ပြင်းထန်စွာကွဲပြားခဲ့ရခြင်းမှာ မတူညီသော စိုက် ပျိုးရေးစနစ်များကြောင့်ဖြစ်သည်။ တောင်ယာခုတ် ထွင်မီးရှို့စိုက်ပျိုးခြင်းစနစ်သည် မြေဆီလွှာနိုက်ထရိုဂျင်ကုန်ခန်းသဖြင့် အနားပေးချိန် နှစ်(၂၀)ခန့်လိုအပ်သောကြောင့် လူဦးရေသိပ်သည်းဆ အလွန်နိမ့် ကျသည်။ အမေရိကတိုက်နှင့်အာဖရိကတိုက်အများ စုတွင် အပူပိုင်းဒေသအကန့်အသတ်ကြောင့် ယင်း စနစ်ကိုသုံးခဲ့ကြရသည်။ ဥရောပတွင်မူ စိုက်ပျိုးရေး နှင့်တိရစ္ဆာန်မွေးမြူရေးပေါင်းစပ်ထားသည့် ရောနှော စိုက်ပျိုးမွေးမြူရေးစနစ်ဖြင့် အအေးဒဏ်ကိုအသုံးပြု ကာ နိုက်ထရိုဂျင်ကို စိုက်ခင်းများသို့ ပြန်လည်ဖြည့် တင်းနိုင်ခဲ့သည်။
အခြားဖြေရှင်းနည်းတစ်ခုမှာ နိုင်းမြစ်၊ အိန္ဒုမြစ်နှင့်ဟွမ်ဟိုမြစ်တို့ကဲ့သို့ နုန်းတင်မြေနုရေကြီးမှုမှ တစ်ဆင့် အာဟာရဓာတ်များကို စဉ်ဆက်မပြတ်ဖြည့် တင်းပေးသည့် နုန်းတင်မြေနုစိုက်ပျိုးရေးစနစ် ဖြစ် သည်။ အထူးသဖြင့် ရေသွင်းစပါးစိုက်ပျိုးခြင်းသည် ဗက်တီးရီးယားများမှတစ်ဆင့် နိုက်ထရိုဂျင်ကို ကိုယ် တိုင်ပြန်လည်ဖြည့်တင်းပေးနိုင်သဖြင့် တောင်အာရ နှင့်အရှေ့အာရှတွင် လူဦးရေသိပ်သည်းဆ အလွန် မြင့်မားစေခဲ့သည်။ အဆိုပါ စိုက်ပျိုးရေးစနစ်များ ကြောင့် တရုတ်နှင့်အိန္ဒိယတို့တွင် လွန်ခဲ့သည့် နှစ် (၂,ဝဝဝ)လုံး ကမ္ဘာ့လူဦးရေပြည့်နှက်နေခဲ့ပြီး စနစ်တ ကျဖွဲ့စည်းထားသောအင်ပါယာကြီးများ ထွန်းကားခဲ့ သည်။ စိုက်ပျိုးရေးမှပိုလျှံမှု(၅)ရာခိုင်နှုန်းမှ (၁၀)ရာ ခိုင်နှုန်းခန့်ထွက်ရှိလာခြင်းက လူဦးရေ၏ (၁၀)ရာခိုင် နှုန်းအောက်သာရှိသောမြို့ပြများကို စတင်ဖန်တီး ပေးခဲ့သည်။
တရုတ်နိုင်ငံသည် ပထဝီဝင် သေတ္တာတစ် လုံးကဲ့သို့ သဘာဝအတားအဆီးများဝန်းရံထားပြီး ဘီစီ(၂၂၁)တွင် ကျင်မင်းဆက်ကတီထွင်ခဲ့သည့် တစ်ခုတည်းသောစာပေအက္ခရာနှင့်တူညီသော စာ မေးပွဲစနစ်တို့ကြောင့် နှစ်ပေါင်း(၂,၂၀ဝ)ကျော် မပြတ်မတောက် ပေါင်းစည်းထားနိုင်ခဲ့သည်။ ဥရောပ မှာမူ အေဒီ(၄၇၆) အနောက်ရောမအင်ပါယာပြိုကွဲ ပြီးနောက် မြို့ပြနိုင်ငံပေါင်းများစွာကွဲပြားကာ နှစ် (၁,၅၀ဝ)မျှ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေခဲ့ကြ သည်။ ဗြိတိန်နိုင်ငံသည် (၁၉)ရာစုတွင် စတုရန်းကီ လိုမီတာ သန်း(၃၀)ကျော်ရှိသော အကြီးမားဆုံးအင်ပါ ယာကိုထူထောင်နိုင်ခဲ့သော်လည်း နှစ်(၁၃၀)ခန့်သာ တည်တံ့ခဲ့သည်။ ဂျိုးဇက်ချမ်ဘာလိန်က ဗြိတိန် အင်ပါယာ ထာဝရတည်တံ့မည်ဟု မောက်မာစွာပြောခဲ့ ဖူးသကဲ့သို့ ယနေ့အမေရိကန်များပြောနေသည့် စကားများသည်လည်း မာနထောင်လွှားမှုနှင့် ကျဆုံး ရတော့မည့် ရှေ့ပြေးဖြစ်ရပ်များသာဖြစ်သည်။
အင်ပါယာများကျဆုံးမှုနှင့် အင်အားဗဟိုပြု ကမ္ဘာဆီသို့
အာဖရိကလူဦးရေသည် လက်တွေ့တွင်မူ မြေဩဇာနည်းပညာကြောင့် (၂၁၀ဝ)ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ (၃၅)ရာခိုင်နှုန်းအထိ ရှိလာတော့ မည်ဖြစ်သည်။ အနောက်အုပ်စုသည် ၎င်းတို့ သဘာဝအရ သာလွန်သည်ဆိုသည့် ခေတ်ကုန်သွား သောအယူအဆများကို စွန့်လွှတ်သင့်ပြီဖြစ်သည်။ အမေရိကန်နှင့်ဗြိတိန်တို့သည် စစ်ရေးလှုံ့ဆော်မှုများ၊ ရုရှားအပေါ် မုန်းတီးကြောက်ရွံ့မှုများကိုစွန့်လွှတ်ပြီး စိတ်အေးအေးထားကာ နှစ်ဖက်လုံခြုံရေးအတွက် ဆွေးနွေးသင့်ပြီဖြစ်သည်။ ရှေးယခင် စက်မှုမထွန်းကားမီက လူတစ်ဦးချင်းဝင်ငွေနှင့်ထုတ်လုပ်မှုဝေစု သည် အာရှတွင် (၆၀)ရာခိုင်နှုန်းအထိရှိခဲ့ပြီး (၁၉၅၀)ပြည့်နှစ်တွင် (၁၉)ရာခိုင်နှုန်းအထိကျဆင်းခဲ့ ရသည်။ ယခုအခါ အချုပ်အခြာအာဏာများ ပြန်လည်ရရှိလာသဖြင့် ကမ္ဘာ့စီးပွားရေးနှင့်လူဦးရေ၏ဗဟိုချက် သည် အာရှဆီသို့ ပုံမှန်အခြေအနေအတိုင်း ပြန်လည် ရောက်ရှိလာနေပြီဖြစ်သည်။
တစ်ဦးတည်းကြီးစိုးသည့်ခေတ်မှာ ကုန် ဆုံးသွားခဲ့ပြီး ကနေဒါနိုင်ငံသား ကမ္ဘာကျော် စီးပွား ရေးပညာရှင် မတ်ကာနီ(Mark Carney)ကဲ့သို့ အမှန်တရားကို ရဲရဲဝံ့ဝံ့ပြောဆိုသူများ လိုအပ်နေပါ သည်။ အကြီးမားဆုံးပြဿနာမှာ ရုရှား၊ တရုတ်မဟုတ် ဘဲ အမှန်တရားကိုမပြောကြခြင်းနှင့် အင်ပါယာရော ဂါလက္ခဏာ ခံစားနေရခြင်းဖြစ်သည်။ အနောက်အုပ်စု မှာ အင်ပါယာကြီးမရှိတော့သော်လည်း ထိုအခြေအ နေကို လက်မခံနိုင်ဖြစ်နေပါသည်။ အနောက်အုပ်စု အနေဖြင့် အင်ပါယာအစွဲခံစားနေရခြင်းကို ရပ်တန့်ပြီး လက်တွေ့ဘဝကို စည်းစနစ်တကျ လက်ခံရမည့်အ ချိန် ရောက်ရှိနေပြီဖြစ်သည်။ မည်သူနှင့်မျှ စစ်ပွဲဖြစ် ရန်မလိုဘဲ နှစ်ဖက်လုံခြုံရေးအတွက် ဆွေးနွေးညှိနှိုင်း ခြင်းက ကုန်ကျစရိတ် ပိုမိုသက်သာစေနိုင်မည်ဖြစ် သည်။
စိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုကဏ္ဍများတွင် စက်မှုလယ်ယာစနစ်၊ စက်ရုပ်များ(Robots)နှင့် AI အသုံးပြုသည့်စက်ရုံများပေါ်ပေါက်လာသဖြင့် လုပ် သားအများအပြား မလိုတော့ပါ။ အမေရိကန်တွင် လုပ်သားအင်အား၏ (၁)ရာခိုင်နှုန်းက ကျန် (၉၉) ရာခိုင်နှုန်းနှင့် ကမ္ဘာ့အစိတ်အပိုင်းများစွာကို ကျွေး မွေးနေသဖြင့် တောင်သူအများအပြားလည်း မလို တော့ပါ။ စီးပွားရေးပညာရှင်နှင့် စာရင်းအင်းပညာရှင် ကောလင်းကလပ်ခ်(Colin Clark) ထောက်ပြခဲ့သ ကဲ့သို့ လုပ်ငန်းခွင်များ အလိုအလျောက်ဖြစ်ပေါ်လာ ခြင်းကြောင့် လူအများစုမှာ ဝန်ဆောင်မှုကဏ္ဍသို့ ပြောင်းရွှေ့လုပ်ကိုင်ကြရမည်ဖြစ်သည်။ တရုတ်နိုင်ငံ ရှိစက်ရုံများတွင်လည်း စက်ရုပ်များနှင့် AI များဖြင့် လည်ပတ်နေသဖြင့် ထုတ်လုပ်မှုဆိုင်ရာအလုပ်အကိုင် များမရှိတော့ပါ။ ကော်ဖီစိုက်ပျိုးရေးကဲ့သို့ကဏ္ဍများ တွင်လည်း ရာသီဥတုပြောင်းလဲမှုအတွက် ကုမ္ပဏီကြီး များမှ ရန်ပုံငွေများထည့်ဝင်ကာ ရေရှည်တည်တံ့ အောင် ဆောင်ရွက်ရမည်ဖြစ်သည်။
ခေတ်သစ်အန္တရာယ်များနှင့်ကမ္ဘာ့အနာဂတ်ဒီဇိုင်း
ယနေ့ကမ္ဘာကြီးတွင် ကြုံတွေ့နေရသည့် အကြီးမားဆုံးအန္တရာယ်မှာ အမေရိကန်နှင့် အနောက် အုပ်စု၏ စည်းကမ်းမဲ့မှု၊ စံနှစ်မျိုးကျင့်သုံးမှုနှင့် စစ်ပွဲ များ မဆင်မခြင်ဆင်နွှဲလိုမှုတို့ဖြစ်သည်။ အနောက် အုပ်စုသည် ၎င်းတို့ အခွင့်ထူးပိုင်ဆိုင်သည့်ကမ္ဘာတွင် နေထိုင်နေဆဲဟုထင်မှတ်နေသော်လည်း အမှန်တ ကယ်တွင်မူ ထိုခေတ်မှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ အီရန်ကဲ့သို့ လူဦးရေ သန်း(၁၀ဝ)နီးပါးရှိသော အသိဉာဏ်မြင့်မားသည့်လူအဖွဲ့အစည်းကို လွယ်ကူစွာအုပ် ချုပ်၍ရမည်ဟု အမေရိကန်အစိုးရက လွဲမှားစွာတွေး ဆခဲ့သည်။ ထိုသို့ ကမ္ဘာကြီးကိုအုပ်ချုပ်နေသည်ဟု ထင်မြင်သည့်အခါ စံနှစ်မျိုးပေါ်ပေါက်လာပြီး ပိုမိုကြီး မားသောပဋိပက္ခများဆီသို့ ဦးတည်သွားစေပါသည်။
နျူကလီးယားလက်နက်များ၊ ဓာတ်ခွဲခန်း ထွက်ဇီဝလက်နက်များနှင့်ချိတ်ဆက်ထားသောစနစ် များကိုတိုက်ခိုက်နိုင်သည့် AI နည်းပညာများသည် ကမ္ဘာကြီးကို နာရီပိုင်းအတွင်း ပျက်စီးစေနိုင်သည့် အန္တရာယ်များဖြစ်လာခဲ့သည်။ နျူကလီးယားစစ်ပွဲ ဖြစ်ပွားပါက (၂)နာရီနှင့်(၁၀)မိနစ်အတွင်း ကမ္ဘာ ပျက်စီးသွားနိုင်ကြောင်း သုတေသနပြုချက်များက ဖော်ပြနေပါသည်။ ထို့ပြင် ဇီဝနည်းပညာနှင့် AI နည်း ပညာဖြင့်တိုက်ခိုက်မှုများသည်လည်း လူသားတို့အ တွက် ကြီးမားသောခြိမ်းခြောက်မှုများဖြစ်သည်။ အ မေရိကန်တွင် သမ္မတ၏မိသားစုနှင့် မဲဆွယ်ပွဲစရိတ် စိုက်ထုတ်သူများ၏ လာဘ်စားမှုများဖြင့် သမိုင်းတွင် အဆိုးရွားဆုံးအုပ်ချုပ်ရေးကို ပိုင်ဆိုင်ထားသည်။
သို့သော် အဆိုပါပဋိပက္ခများကို ရှောင်ရှား နိုင်ပါက နည်းပညာဆိုင်ရာ အံ့ဖွယ်ခေတ်ကြီးထဲသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ (၁၉၉၀) ပြည့်လွန်နှစ် များက (၂၅)ရာခိုင်နှုန်းခန့်ရှိခဲ့သော အလွန်အမင်း ဆင်းရဲမွဲတေမှုသည် ယခုအခါ (၆)ရာခိုင်နှုန်းခန့်သို့ ကျဆင်းသွားခဲ့ပြီး နည်းပညာများဖြင့် အလွယ်တကူ အဆုံးသတ်နိုင်ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် အလွန် အမင်းဆင်းရဲမွဲတေမှု အလျင်အမြန်ကျဆင်းသွားခြင်း သည် နည်းပညာတိုးတက်မှု၏ ထင်သာမြင်သာရှိ သည့်ရလဒ်တစ်ခု ဖြစ်သည်။ စွမ်းအင်စနစ်များတွင် ကာဗွန်လျှော့ချနိုင်ပြီဖြစ်သလို လူသားတို့ကြောင့်ဖြစ် ရသည့် ရာသီဥတုပြောင်းလဲမှုများကိုလည်း ဟန့်တား နိုင်မည်ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးများအနေဖြင့် စစ်ရေးအသုံးစရိတ်အစား ရေရှည်တည်တံ့သော ဖွံ့ ဖြိုးတိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံသင့်ပြီဖြစ်သည်။
ကမ္ဘာ့လူဦးရေသည် သန်း(၉,ဝဝဝ)ဝန်း ကျင်တွင်တည်ငြိမ်သွားမည်ဖြစ်ရာ တိုးပွားလာသော လူဦးရေနောက်သို့ လိုက်နေစရာမလိုတော့ဘဲ အရင်း အနှီးနက်ရှိုင်းအောင်လုပ်ဆောင်နိုင်တော့မည်ဖြစ် သည်။ ယခင်က သန်း(၁,ဝဝဝ)မှ သန်း(၈,ဝဝဝ)အထိတိုးတက်လာခဲ့သောလူဦးရေအတွက် လက်ခံရ သည်မှာ များပြားလှသော်လည်း ယခုအခါ ထိုပြဿနာ မရှိတော့ပါ။ ဗြိတိသျှနိုင်ငံသား ကွန်ပျူတာသိပ္ပံပညာ ရှင်၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် (Neuroscientist)၊ စတုရန်း (Chess)မာစတာနှင့် AI စတုတ္ထတော်လှန်ရေး၏ ထိပ်တန်းရှေ့ဆောင်တစ် ဦးဖြစ်သူ ဒဲမစ်ဟာဆာဘစ်(Demis Hassabis)က နျူရယ်ကွန်ရက်များဖြင့် ပရိုတင်းပုံသဏ္ဌာန်များကို ဖော်ထုတ်နိုင်ခဲ့သလို နည်းပညာရွှေရောင်ခေတ်တွင် လုပ်ဆောင်နိုင်သည့်အချက်များစွာ ရှိနေပါသည်။ ပစ္စည်းဥစ္စာ၊ အသိပညာနှင့် လူ့စွမ်းအားအရင်းအနှီးများ ကို ပိုမိုနက်ရှိုင်းအောင်မြှင့်တင်နိုင်သည့် အခွင့်အ လမ်းကောင်းများ ရရှိနေပြီဖြစ်သည်။
ထို့ကြောင့် စီးပွားရေးနှင့် နိုင်ငံရေးပညာ ရပ်ကိုလေ့လာနေသူများအနေဖြင့် အလားအလာများ ကိုစောင့်ကြည့်ရုံမျှမကဘဲ ကမ္ဘာကြီး ပိုမိုကောင်းမွန် လာစေရန် ဒီဇိုင်းပုံစံထုတ်ဆွဲခြင်းကိုပါ ထည့်သွင်း စဉ်းစားသင့်ပါသည်။ ခေတ်သစ်စီးပွားရေးပညာ၏ ဖခင် အာဒမ်စမစ်၊ အင်္ဂလိပ်စီးပွားရေးပညာရှင် ဂျွန် မေးနဒ်ကိန်းစ်နှင့် နယ်သာလန်စီးပွားရေးပညာရှင် ယန်းတင်ဘာဂန်တို့၏အယူအဆအတိုင်း ပန်းတိုင် များထားရှိပြီး ၎င်းတို့တွင်ရှိသောလက်တံများကို အ သုံးပြုကာ အောင်မြင်အောင် ဆောင်ရွက်သင့်ပါသည်။ ယင်းမှာ နိုင်ငံရေးနှင့်စီးပွားရေးပညာရပ်တွင် ဖြစ် စဉ်များကိုလေ့လာရုံမျှမကဘဲ အနာဂတ်ကိုပုံဖော်ရာ တွင်လည်း အဓိကကျသော လမ်းညွှန်ချက်ဖြစ်သည်။
အာဒမ်စမစ်စိတ်ကူးခဲ့သည့်အတိုင်း ကိုလို နီဝါဒသစ်များမရှိတော့ဘဲ အာဖရိကသမဂ္ဂကဲ့သို့ ဒေ သဆိုင်ရာပေါင်းစည်းမှုများဖြင့် ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်မည့် အင်အားဗဟိုပြုကမ္ဘာကြီးကို တည် ဆောက်သွားသင့်ပါသည်။ ဒေသတွင်းပေါင်းစည်းမှု ကိုဟန့်တားခြင်း သို့မဟုတ် သီးခြားခွဲထုတ်အုပ်ချုပ် သည့်မူဝါဒများမှာ ယခုအခါ အဆုံးသတ်ရတော့မည် ဖြစ်သည်။ နည်းပညာ ရွှေရောင်ခေတ်ရောက်ရှိနေသ ဖြင့် နိုင်ငံရေး၊ စီးပွားရေး အတားအဆီးများကို ကျော် လွှားနိုင်ပါက အံ့ဖွယ်အမှုများကို ဖန်တီးနိုင်မည်ဖြစ် သည်။ ၎င်းတို့ရောက်ရှိလိုသည့် အနာဂတ်ပန်းတိုင်ကို သေသေချာချာဒီဇိုင်းဆွဲ၍ လက်ရှိထက် ပိုကောင်း သောမူဝါဒနှင့်နည်းလမ်းများကိုအသုံးပြုကာ ပိုမိုသာ ယာဝပြောသည့်ကမ္ဘာကြီးကို ပုံဖော်သွားသင့်ပါ ကြောင်းတင်ပြရသည်။