
(ပြည်တွင်း) နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း လျှပ်စစ်ဝန်ထမ်းများက လုပ်ငန်းရှင်များထံမှ ငွေကြေးကောက်ခံပြီး လျှပ်စစ်မီးပေးနေသည်ဆိုသည့် လူမှုကွန်ရက်ပေါ်မှ ရေးသားချက်များမှာ မဟုတ်မှန်ကြောင်း ကွင်းဆင်းစစ်ဆေးမှုများအရ တွေ့ရှိခဲ့ရသည်ဟု သက်ဆိုင်ရာဌာနက ပြန်လည်ရှင်းလင်းထားသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် သာစည်မြို့နယ်၊ ဟံဇား၊ တမာနှင့် ဝမ်းသာကျေးရွာများရှိ စက်ယက္ကန်း၊ ဆီစက်နှင့် ဆန်စက်လုပ်ငန်းရှင်များက လုပ်ငန်းသုံးလျှပ်စစ်မီတာများ၏ Seal နှင့် Circuit များကို ဖြတ်တောက်ကာ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေကြောင်း၊ ယင်းလုပ်ငန်းများကို လျှပ်စစ်မီးပေးနိုင်ရန် မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက ဆန်စက်နှင့် ဆီစက်တစ်စက်လျှင် ငွေကျပ် ၅၀,၀၀၀၊ ယက္ကန်းစင်တစ်စင်လျှင် ငွေကျပ် ၁၀,၀၀၀ စီ တောင်းခံနေကြောင်း ရေးသားဖော်ပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ရေးသားချက်များနှင့်ပတ်သက်၍ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် ဓာတ်အားဖြန့်ဖြူးရေးဌာန တာဝန်ရှိသူများက နိုဝင်ဘာ ၁၅ ရက်တွင် သာစည်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စစ်ဆေးမှုအရ အဆိုပါကျေးရွာများသို့ နိုင်ငံတော်ဓာတ်အားစနစ်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှု မမျှတသည့်အချိန်တွင် ဝန်အားလျှော့ချဖြန့်ဖြူးသည့် အစီအစဉ်အတိုင်း တစ်ရက်လျှင် ညပိုင်း ၈ နာရီသာ ဓာတ်အားပေးနေကြောင်း၊ ဆီစက်၊ ဆန်စက်နှင့် ယက္ကန်းလုပ်ငန်းများမှာ နေ့ပိုင်းတွင် လုပ်ငန်းရှင်များကိုယ်တိုင် တပ်ဆင်ထားသည့် ဆိုလာဓာတ်အားကို အသုံးပြု၍ လုပ်ကိုင်နေကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ပြင် အဆိုပါကျေးရွာများတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ၏ စီမံချက်ဖြင့် Digital AMI မီတာများကို ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက်တွင် လဲလှယ်တပ်ဆင်ခဲ့ပြီးဖြစ်ကာ ဌာနက သတ်မှတ်ထားသည့် မီတာ Seal များလည်း ပြည့်စုံစွာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် မီးလင်းရေးကော်မတီဝင်များ၏ ထောက်ခံချက်များအရလည်း သာစည်မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများ အဂတိလိုက်စား၍ လျှပ်စစ်ဓာတ်အားပေးနေသည်ဆိုသည့် စွပ်စွဲချက်မှာ မဟုတ်မှန်ကြောင်း သက်ဆိုင်ရာဌာနက ပြန်လည်အသိပေးထားသည်။