
(စီးပွားရေး) နိုဝင်ဘာ ၁၉
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံအတွင်း စားနပ်ရိက္ခာ အရေးပေါ်လိုအပ်လာချိန်တွင် အသုံးပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးရှိ သတ်မှတ်သိုလှောင်ရုံများတွင် အရန်ဆန်များ စုဆောင်းသိုလှောင်လျက်ရှိကြောင်း သိရသည်။
ယင်းအရန်ဆန်များ စုဆောင်းသိုလှောင်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ်ရှိ အရန်ဆန်သိုလှောင်ရုံသို့ ရောက်ရှိလာသည့် ဆန်များ လက်ခံခြင်းနှင့် သိုလှောင်ထားရှိမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး အရန်ဆန်စုဆောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က နိုဝင်ဘာ ၁၈ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးစဉ် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာသိုလှောင်ရုံများသို့ အရန်ဆန်များ အပြည့်အဝရောက်ရှိစေရန်၊ သတ်မှတ်ထားသည့် အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန်နှင့် သိုလှောင်စဉ် ဆန်များ လေလွင့်ပျက်စီးမှုမရှိစေရန် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။