Myanmar Transparency News

ထိုင်းနိုင်ငံတွင် အိမ်စာမပြီးသည့် ဒုတိယတန်းကျောင်းသားတစ်ဦးအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည့် ပန်းချီဆရာ အလုပ်မှ ထုတ်ပယ်ခံရသည့်အပြင် ဥပဒေကြောင်းအရ အရေးယူရန်ပါ စီစဉ်

သက်တံ့
၂၀. ၁၁. ၂၀၂၆

ပေးအပ်ထားသော အိမ်စာကို အချိန်မီ မပြီးစီးသဖြင့် အသက် ၇ နှစ်အရွယ် ဒုတိယတန်း ကျောင်းသားတစ်ဦး၏ ပေါင်တွင် အညိုအမည်းစွဲသည်အထိ ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ထိုင်းနိုင်ငံ၊ ဖိဆနူလော့ခ် (Phitsanulok) ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းက အသက် ၂၆ နှစ်အရွယ် ပန်းချီဆရာတစ်ဦး၏ အလုပ်စာချုပ်ကို ရပ်စဲလိုက်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကျောင်းသား၏ မိခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးက ဖိဆနူလော့ခ်ပြည်နယ်ရှိ နီခွန် ဆန်တွန်အန်း (Nikhom Sang Ton Eng) ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ဘန်ရာကမ် (Bang Rakam) ခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းသို့ တက်ရောက်နေစဉ်အတွင်း မောင် A (အမည်လွှဲ) ဟုသာ ဖော်ပြထားသည့် သူမ၏သားဖြစ်သူ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် သားဖြစ်သူကို ကျောင်းမှ သွားရောက်ကြိုဆိုချိန်၌ ဆရာဖြစ်သူက ရိုက်နှက်ခဲ့ကြောင်း သားဖြစ်သူက ပြောပြခဲ့သည်ဟု မိခင်က ဆိုသည်။ သားဖြစ်သူ၏ ညာဘက်ပေါင်တွင် ရောင်ရမ်းပြီး ခရမ်းရောင် အညိုအမည်းစွဲနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ယခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့ထံ တိုင်ကြားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးရေးမှူးများက ဆရာ B (အမည်လွှဲ) ဟု ဖော်ပြထားသည့် အဆိုပါဆရာနှင့် ကျောင်းမှ ကိုယ်စားလှယ်များကို ခေါ်ယူ၍ ညှိနှိုင်းဖြေရှင်းမှု ပြုလုပ်ခဲ့သည်။ ကျောင်းဘက်မှ ဆရာဖြစ်သူ၏ အလုပ်စာချုပ်ကို ရပ်စဲရန် သဘောတူညီခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများကိုမူ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါဖြစ်ရပ်မှာ ပန်းချီအတန်းချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားလေးက ပြောပြခဲ့သည်။ မွန်းလွဲ ၁ နာရီမှစ၍ ကျောင်းသားများကို လေ့ကျင့်ခန်းတစ်ခု ပေးထားခဲ့သော်လည်း မွန်းလွဲ ၂ နာရီတွင် ဆရာဖြစ်သူ ရောက်ရှိလာချိန်၌ ၎င်းအနေဖြင့် မပြီးစီးသေးကြောင်း ဆိုသည်။ ၎င်းမှာ ပထမဆုံး အပြစ်ပေးခံရသည့် ကျောင်းသားဖြစ်ပြီး တင်ပါးကို အရိုက်ခံခဲ့ရကာ အခြားအတန်းဖော် ၁၃ ဦးမှာမူ လက်ဝါးကို အရိုက်ခံခဲ့ရကြောင်း သိရသည်။

Ref: Khaosod

မူရင်းသတင်း — Myanmar Transparency News