NP News

တရုတ်နိုင်ငံသား တရားသူကြီးက ICJ စီရင်ချက်အများစုတွင် မြန်မာဘက်မှ မဲပေးခဲ့ခြင်းမှာ အစိုးရညွှန်ကြားချက်ကြောင့်မဟုတ်ဘဲ ဥပဒေနှင့်အမှုအချက်အလက်အပေါ်သာ အခြေခံကြောင်း တရုတ်ဆို

ALynn (NP News) - နိုဝင်ဘာ ၂၁

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် စီရင်ချက်၌ ICJ ၏ တရုတ်နိုင်ငံသား တရားသူကြီး ရွှယ်ဟန်ချင်းက စွဲချက်တစ်ခုကလွဲ၍ ကျန်သည့်အချက်အားလုံးတွင် မြန်မာနိုင်ငံဘက်မှ မဲပေးခဲ့ခြင်းမှာ နိုင်ငံတကာဥပဒေ၊ အမှု၏ အချက်အလက်များနှင့် သူမ၏ ကျွမ်းကျင်မှုအပေါ်သာ အခြေခံထားခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂွေ့ကျားခွန်က ပြောကြားခဲ့သည်။

နိုဝင်ဘာလ (၂၀) ရက်က ကျင်းပခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာနက တရားသူကြီး ရွှယ်ဟန်ချင်း အနေဖြင့် မြန်မာနိုင်ငံဘက်မှ မဲပေးခဲ့ခြင်းမှာ တရုတ်အစိုးရ၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့ခြင်းလားဟု မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ တရားရုံးရဲ့ တရားသူကြီးတွေဟာ ပုဂ္ဂိလိက အရည်အချင်းအရ တာဝန်ထမ်းဆောင်ကြတာဖြစ်ပြီး ၎င်းတို့ရဲ့ လုပ်ငန်းတာဝန်တွေကို လွတ်လပ်စွာ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ တရားသူကြီး ရွှယ်ဟန်ချင်းရဲ့ သဘောထားထုတ်ဖော်ပြောဆိုချက်တွေဟာ နိုင်ငံတကာဥပဒေနဲ့ အမှုရဲ့အချက်အလက်တွေအပေါ်အခြေခံထားသလို သူမရဲ့ကျွမ်းကျင်မှုအပေါ်မှာလည်း မူတည်ပါတယ်။ ဒါဟာ တရားရုံးရဲ့ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အစဉ်အလာတွေနဲ့ ကိုက်ညီပြီး သူမရဲ့ တာဝန်ဝတ္တရားတွေကို လျောက်ပတ်စွာ ထမ်းဆောင်မှုကို ထင်ဟပ်စေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထို့ပြင် ICJ က မြန်မာနိုင်ငံအား လူမျိုးသုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စီရင်ချက်ချမှတ်ခဲ့မှုအပေါ် တရုတ်နိုင်ငံ၏ သဘောထားမှတ်ချက်ကို AFP သတင်းဌာနက မေးမြန်းခဲ့ရာ ရှုပ်ထွေးသော ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“ICJ ရဲ့ စီရင်ချက်ကို တရုတ်နိုင်ငံအနေနဲ့ သတိပြုမိပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်း၊ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ရှုထောင့်တွေ ရှိနေတာကြောင့် ဘက်စုံခြုံငုံတဲ့ ချဉ်းကပ်မှုကနေတစ်ဆင့် သတိကြီးစွာနဲ့ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့လည်း ဒီရည်မှန်းချက်အတွက် ပူးပေါင်းကြိုးပမ်းသင့်ပြီး ပြဿနာကို ပိုမိုရှုပ်ထွေးစေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်သင့်ပါတယ်” ဟု ကွေ့ကျားခွန်က ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးမှုများတွင် တရုတ်နိုင်ငံက ဆက်လက်ကူညီပံ့ပိုးသွားမည် ဟုလည်းသိရသည်။
“တရုတ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ဆွေးနွေးညှိနှိုင်းမှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်သလို ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်ကို ဖြေရှင်းရာမှာလည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားဖို့ အသင့်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
တစ်ဆက်တည်းမှာပင် နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့် ကျင့်သုံးမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကိုလည်း ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့သည်။
“နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့အစည်းတွေဟာ နိုင်ငံတကာ တရားမျှတမှုနဲ့ မှန်ကန်မှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အရေးပါတဲ့ ယန္တရားတွေ ဖြစ်တာကြောင့် ဥပဒေနဲ့အညီ အပြည့်အဝ သတိပြုပြီး မိမိတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးသင့်တယ်လို့ တရုတ်နိုင်ငံက ယုံကြည်ပါတယ်။ လုပ်ပိုင်ခွင့် ကျော်လွန်စီရင်ခြင်းနဲ့ ဥပဒေကို ဘောင်ကျော်အဓိပ္ပာယ်ဖွင့်ဆိုခြင်း စတဲ့ ကိစ္စရပ်တွေအပေါ် တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပြီး အဲဒီလို လုပ်ရပ်တွေဟာ အငြင်းပွားမှုတွေကို ပြေလည်အောင် ဖြေရှင်းရာမှာ အထောက်အကူ မပြုပါဘူး” ဟုလည်း ၎င်းကဆိုသည်။

မူရင်းသတင်း — NP News