Myanmar National Post

ဂျာမနီထုတ် ပေါင်းသတ်ဆေးကြောင့် ကင်ဆာဖြစ်ရတယ်ဆိုပြီး တရားရုံးက ဆုံးဖြတ်ချက်ချ


နိုဝင်ဘာ - ၂၃

အမေရိကန်တရားသူကြီးတစ်ဦးဟာ ဂျာမနီနိုင်ငံအခြေစိုက် ဓာတုဗေဒနဲ့ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီး ဘေယာ က လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၇.၂၅ ဘီလီယံ ပေးလျော်ရမယ် ဆိုတဲ့ သဘောတူညီချက်ကို အတည်ပြုလိုက်ပါတယ်။ ဒီအမှုဟာ ဘေယာ ကုမ္ပဏီထုတ် Roundup ပေါင်းသတ်ဆေးကြောင့် ကင်ဆာရောဂါ ဖြစ်ပွားစေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်နေတာပါ။ အခုသဘောတူညီချက်ကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ တရားစွဲဆိုမှုတွေ၊ အမှုထောင်ပေါင်းများစွာ ကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

မစ်ဆူရီ ပြည်နယ်တရားသူကြီး တင်မိုသီဘွိုင်ယာ က သောကြာနေ့မှာ ဒီလျော်ကြေးပေးချေမှု အစီအစဉ်ကို နောက်ဆုံးအတည်ပြုချက် ပေးခဲ့တာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျုံးဝင်တဲ့ ဒီသဘောတူညီချက်မှာ Roundup ပေါင်းသတ်ဆေးနဲ့ ထိတွေ့မှုကြောင့် ဖြစ်ပွားတယ်လို့ စွပ်စွဲထားတဲ့ သွေးကင်ဆာတစ်မျိုးဖြစ်တဲ့ Non-Hodgkin lymphoma ရောဂါ ခံစားနေရသူတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မတိုင်ခင်က အဲဒီဆေးနဲ့ ထိတွေ့ခဲ့ပြီး နောင်အနာဂတ်မှာ အဲဒီရောဂါ ဖြစ်ပွားလာနိုင်သူတွေလည်း အကျုံးဝင်မှာ ဖြစ်ပါတယ်။

သဘောတူညီချက်အရ ဘေယာ ကုမ္ပဏီဟာ လာမယ့် ၂၁ နှစ်အတွင်း လျော်ကြေးပေးချေမှုရန်ပုံငွေထဲကို အမေရိကန်ဒေါ်လာ ၇.၂၅ ဘီလီယံအထိ ထည့်ဝင်ပေးသွားရမှာ ဖြစ်ပါတယ်။ တစ်ဦးချင်းစီရရှိမယ့် လျော်ကြေးငွေကတော့ ဒေါ်လာ ၁၀,၀၀၀ ကနေ ၁၆၅,၀၀၀ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လျော်ကြေးပမာဏဟာ လူနာရဲ့ အသက်၊ ရောဂါပြင်းထန်မှုနဲ့ ပေါင်းသတ်ဆေးနဲ့ ထိတွေ့ခဲ့ရတဲ့ ကာလအပေါ် မူတည်ပြီး ကွာခြားသွားမှာပါ။ တရားသူကြီး ဘွိုင်ယာကတော့ ဒီသဘောတူညီချက်ဟာ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာမှုနဲ့ ကိုယ်ရေးကိုယ်တာထိခိုက်မှုဆိုင်ရာ အမှုတွေမှာ လျော်ကြေးပေးတဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး သဘောတူညီချက်တွေထဲက တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လျော်ကြေးငွေဟာ မလုံလောက်ဘူးလို့ ယူဆတဲ့ ရှေ့နေတချို့ရဲ့ ကန့်ကွက်မှုတွေ ကိုလည်း တရားသူကြီးက ပယ်ချခဲ့ပါတယ်။ အကြောင်းကတော့ ဒီအမှုကို ဆက်လက်နှောင့်နှေး နေမယ်ဆိုရင် ရောဂါပြင်းထန်စွာ ခံစားနေရသူတွေဟာ လျော်ကြေးငွေရဖို့ နောက်ထပ်နှစ်ပေါင်းများစွာ စောင့်ဆိုင်းရနိုင်တာကြောင့်လို့ ဆိုပါတယ်။

ဘေယာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဘီလ်အန်ဒါဆင် ကလည်း အခုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး Roundup ပေါင်းသတ်ဆေးနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှုတွေကြောင့် ကုမ္ပဏီအပေါ် ကျရောက်နေတဲ့ အန္တရာယ်နဲ့ ဆုံးရှုံးနိုင်ခြေတွေကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ်မှာ အခုဆုံးဖြတ်ချက်ဟာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


Ref: RT

#Myanmar #News 

မူရင်းသတင်း — Myanmar National Post