NP News

အက်ဖ်ဘီအိုင်အလိုရှိ မက္ကဆီကိုမူးယစ်ဂိုဏ်းခေါင်းဆောင်(၁၀)ဦးထဲကတစ်ဦးကို မက္ကဆီကိုစစ်တပ်ဖမ်းဆီးရမိ

Pika (NP News) - နိုဝင်ဘာ ၂၃

မက္ကဆီကိုနိုင်ငံမှာ အက်ဖ်ဘီအိုင်အဖွဲ့ရဲ့အလိုအရှိဆုံးရာဇဝတ်သား(၁၀)ဦးစာရင်းမှာပါဝင်တဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို စစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်းစစ်သား(၄)ဦးနဲ့ သံသယရှိသူသေနတ်သမား(၇)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
Chapo Isidroလို့လည်းလူသိများတဲ့ Fausto Isidro Meza ကို မက္ကဆီကိုနိုင်ငံအနောက်မြောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ အထူးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီဝင်ရောက်စီးနင်းမှုအတွင်း Fausto Isidro Mezaနဲ့အတူ ၎င်းရဲ့လက်ထောက်လို့ယူဆရတဲ့လူတစ်ဦးနဲ့ ၎င်းရဲ့ရာဇဝတ်ဂိုဏ်းအတွက် ငွေကြေးကိစ္စတွေ စီမံခန့်ခွဲပေးတဲ့လူတစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
စစ်ဆင်ရေးအတွင်း သံသယရှိသူတိုက်ခိုက်သူ(၇)ဦးသေဆုံးခဲ့ပြီး ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ပိုင်းဆိုင်ရာလူကြီး(၃)ဦးအပါအဝင် လူ(၈)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း ဒသမ(၅၀)ကာလီဘာရိုင်ဖယ်တစ်လက်၊လက်ပစ်ဗုံးပစ်လောင်ချာ၊လက်ပစ်ဗုံးတွေ၊အခြားလက်နက်တွေ၊မူးယစ်ဆေးဝါးတွေနဲ့ ငွေသားတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့လည်း စစ်ဆင်ရေးအတွင်း အရပ်သားတွေ ထိခိုက်/သေဆုံးခဲ့တာမျိုးရှိ/မရှိဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။

မူရင်းသတင်း — NP News