Voice of Myanmar

မိုးမိတ်မြို့နယ်အတွင်းမှာ အစိုးရတပ်နဲ့ KIA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေ

နိုဝင်ဘာ ၂၃၊ ၂၀၂၆။

NN(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ကချင်လွတ်​မြောက်ရေးတပ်ဖွဲ့ (KIA)တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၁၇ ရက်နေ့ကတည်းက မိုးမိတ်မြို့နယ်၊ ကင်းချောင်းရွာအနီးက အစိုးရတပ်စခန်းတွေကို KIA နဲ့ PDF တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကနေ တိုက်ပွဲတွေ ပြင်းထန်လာတာလို့ သိရပါတယ်။

“ကင်းချောင်းရွာက မိုးမိတ်နဲ့တော့ ဝေးတယ်။ မိုးမိတ်နဲ့ တွင်းငယ်ကြားက ရွာတွေဗျ။ သစ်ဆိမ့်ကုန်းရွာတို့ ဘာတို့ အဲဒီဘက်မှာ ကပ်နေတာပဲ။ အဲစခန်းတွေ အတိုက်ခံရတာ” လို့ မိုးမိတ် မြို့ခံ တယောက်က ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်တာကြောင့် အစိုးရတပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ စစ်ကူပေးပြီး ပစ်ခတ်ခဲ့ရတယ်လို့ မြို့ခံတွေထံကနေသိရပါတယ်။

မိုးမိတ်-တွင်းငယ်လမ်းပိုင်းပေါ်က သစ်ဆိမ့်ကုန်း၊ ပေကုန်းနဲ့ ကင်းချောင်း ရွာတွေဘက်မှာ အစိုးရဘက်က တပ်စခန်းတချို့ လက်လွတ်ရတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီအခြေအနေအပေါ် VOM ဘက်က အတည် မပြုနိုင်သေးပါဘူး။ အစိုးရဘက်ကလည်း မိုးမိတ်တိုက်ပွဲနဲ့ပတ် သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီနေအထိ မိုးမိတ်၊ တွင်းငယ် လမ်းပိုင်းမှာ အစိုးရတပ်နဲ့ KIA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ် နေတယ်လို့သိရပါတယ်။

မိုးမိတ်မြို့ပတ်လည်မှာလည်း KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ကြားမှာ မကြာ ခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“မိုးမိတ်အခြေအနေက နှစ်ဖက်လုံးက တိုးလိုက်၊ လျှော့လိုက် ဖြစ်နေတာ။ မြို့ထဲတော့ မဖြစ်သေးပါဘူး။ မြို့ပြင်ပတ်လည်မှာတော့ မကြာခဏဆိုသလို ဖြစ်နေတယ်။ တပ်ကတော့ မြို့ထဲကို ထိန်းနိုင်ပါတယ်” လို့ မိုးမိတ်မြို့ခံ တယောက်က ပြောပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို အစိုးရတပ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ TNLA လက်ထဲကနေ ပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပြီး မိုးမိတ်မြို့အနီးတစ်ဝိုက်မှာ အစိုးရတပ်နဲ့ KIA တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။

အခုလဆန်းပိုင်းကလည်း မိုးမိတ်မြို့နဲ့ မဘိမ်းမြို့ကြားရှိ လမ်းပိုင်းတွေမှာ အစိုးရတပ်နဲ့ KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း မိုးမိတ်မြို့နဲ့ ညောင်နီရွာ၊ ခုနစ်မိုင် ကျေးရွာဘက်​တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူရင်းသတင်း — Voice of Myanmar