
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ထွက်ပြေးတိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာက ၎င်းသည် ဒီဇင်ဘာ ၁၆ ရက်တွင် နိုင်ငံသို့ ပြန်လည်ချင်သည်ဟု နိုဝင်ဘာ ၂၄ ရက်က ပြောကြားခဲ့သည်။
သို့သော် ဒါကာအစိုးရမူ ဟာဆီနာသည် လက်ထိပ်ဖြင့်သာ ပြန်လာရနိုင်သည်ဟု သတိပေးခဲ့သည်။
၂၀၂၄ ခုနှစ်တွင် သူ့အား ဝန်ကြီးချုပ်အဖြစ်မှ ပြုတ်ကျစေခဲ့သည့် ဆူပူအုံကြွမှုအတွင်း ပြင်းထန်သောဖြိုခွင်းမှုကို လုပ်ဆောင်ခဲ့ခြင်းကြောင့် လူသားအပေါ် ရာဇဝတ်မှု ကျူးလွန်မှုများအတွက် မျက်ကွယ်တွင် သေဒဏ်ချမှတ်ခံထားရသည့်တိုင် ဟာဆီနာက ဒီဇင်ဘာလထဲတွင် အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရန် ထပ်တလဲလဲ ပြောကြားခဲ့သည်။
ပြန်လာသည်နှင့် တစ်ပြိုင်တည်းသူ့အား လက်ထိတ်ခတ်ဖမ်းဆီးရလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်မျာက ပြောကြားထားလင့်ကစား သူက ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာမည်ဟု တွင်တွင် ပြောကြားသည်။
အသက် ၇၉ နှစ်ရှိ ဟာဆီနာသည် ပြစ်ဒဏ်ချမှတ်ခံထားရခြင်းကို အယူခံဝင်ရန် နောက်ဆုံးသတ်မှတ်ချိန် ကျော်လွန်သွားခဲ့ပြီးနောက် သူသည် နောက်ထပ် ဥပဒေဆိုင်ရာ အားကိုးအားထားပြုစရာမရှိတော့ဟုဆိုသည်။
"သူပြန်လာမယ့်ရက်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့အောင်ပွဲနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၆ ရက်ဖြစ်မယ်လိမ့်မယ်လို့ ပြောနေပါတယ်" ဟု ဟာဆီနာ၏ပြောရေးဆိုခွင့်ရှိသူ ဆာယက်မိုဇမ်မယ်အလီက နိုဝင်ဘာ ၂၄ ရက်တွင် AFP ကို ပြောကြားခဲ့သည်။
အောင်ပွဲနေ့သည် ၁၉၇၁ ခုနှစ်တွင်ပါကစ္စတန်တပ်ဖွဲ့များ လက်နက်ချသည့်နေ့ဖြစ်ရာ ထိုနေ့သည့် ဘင်္ဂလားဒေ့ရှ်၏အမျိုးသားအားလပ်ရက်နေ့ဖြစ်သည်။
ပါကစ္စတန်တပ်ဖွဲ့များ လက်နက်ချခဲ့ခြင်းက ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးအတွက် လမ်းပွင့်ခဲ့သည်။
ဟာဆီနာ၏ဖခင် ရှိတ်မူဂျီဘာရာမန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတည်ထောင်သော သမ္မတဖြစ်လာခဲ့သည်။
ဟာဆီနာသည် ၂၀၂၄ ခုနှစ် သြဂုတ်လထဲတွင် သူ၏နန်းတော်သို့ လူအုပ်ကြီး ဝင်လာခဲ့သောကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့သည်။ လူထုအုံကြွမှုကြောင့် ထွက်ပြေးသွားသော ဟာဆီနာက သူ့အား ဘင်္ဂလားဒေ့ရှ်သို့ ပြန်ခေါ်ရန် လေယာဉ်တစ်စင်း စီစဉ်ပေးရေးအတွက် ဒါကာကို မေတ္တာရပ်ခံထားသည်ဟု အလီက ပြောကြားခဲ့သည်။