
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၄
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် စီရင်ချက်နှင့်ပတ်သက်၍ အစိုးရ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ က ယမန်နေ့ (နိုဝင်ဘာ ၂၃ရက်) က ထုတ်ပြန်ထားသည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ ICJ က ချမှတ်ခဲ့သည့် စီရင်ချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားဂုဏ်သိက္ခာနှင့် နိုင်ငံတော်အကျိုးစီးပွားတို့ကို ထိခိုက်စေသည့်အပြင် မြေပြင်ပကတိအခြေအနေများနှင့် ကင်းကွာနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ICJ ၏ စီရင်ချက်သည် FFM နှင့် NGO များ၏ တစ်ဆင့်ကြားအစီရင်ခံစာများအပေါ် အခြေခံထားခြင်းမှာလည်း တရားမျှတမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများသည် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် ကန့်သတ်ထိန်းချုပ်စစ်ဆင်ရေးများသာ ဖြစ်ပြီး လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကိုလည်း ပါတီအနေဖြင့် အပြည့်အဝ ထောက်ခံကြိုဆိုကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ICJ နှင့် နိုင်ငံတကာ၏ ဆုံးဖြတ်ချက်များအပေါ် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှု လွန်ကဲခြင်းမရှိကြရန်လည်း တိုက်တွန်းထားသည်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသား ပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာလက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။