
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၄
ICJ ၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာတွင် မြန်မာနိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာကို သတ်ခြင်း ဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာ ၂၄ရက်) တွင် ပြည်သူ့ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီသည့် သမိုင်း၊ ခမ်းနားသည့် ယဉ်ကျေးမှုနှင့် ကြွယ်ဝသည့် သယံဇာတများဖြင့် တိုင်းရင်းသားပေါင်းစုံ စုစည်းတည်ထောင်ထားသည့် နိုင်ငံဖြစ်ပြီး နိုင်ငံတော်ကို တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့အပေါ် အခြေခံ၍ တည်ဆောက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံး၏ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ရေး ကြိုးပမ်းမှုများ၊ နိုင်ငံသားအားလုံး၏ ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများကို အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုတို့အပေါ် အခြေခံ၍ တည်ဆောက်သွားရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာပဋိပက္ခများ၊ ကမ္ဘာ့အစီအစဉ်သစ် ပြန်လည်တည်ဆောက်ရေး အားပြိုင်မှုများနှင့် ဒေသတွင်း ဩဇာအာဏာတည်ဆောက်မှုများအတွင်း နိုင်ငံတော်မပြိုကွဲရေး၊ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို အသုံးချ၍ မြန်မာနိုင်ငံအား လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ကျူးလွန်သူများအဖြစ် စီရင်ချက်ချခြင်းသည် မြန်မာနိုင်ငံသားအားလုံးအတွက် အမြင့်ဆုံးတပ်လှန့်အချက်ပေးမှုဖြစ်ပြီး အဆိုပါစီရင်ချက်သည် နိုင်ငံတကာမိသားစုအတွင်း မြန်မာနိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာကို သတ်ဖြတ်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် နိုင်ငံတော်ကို ပြန်လည်စုစည်းကြရန်နှင့် ပြည်ပဖိအားပေးမှုများ၊ ထိုးနှက်တိုက်ခိုက်မှုများကို စုပေါင်းညီညွတ်စွာ ရင်ဆိုင်ကျော်လွှားသွားကြရန် မြန်မာနိုင်ငံသားအားလုံးကို ပြည်သူ့ပါတီက နှိုးဆော်တိုက်တွန်းထားသည်။