
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို စွဲဆိုခဲ့သည့် အမှုကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် စီရင်ချက်ချမှတ်ခဲ့ပါသည်။ ၎င်းဆုံးဖြတ်ချက်တွင် အဓိကအချက် (၁၃)ချက်ပါဝင်ပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်သည်ဟု စွပ်စွဲထားမှုကိုတွေ့ရသည်။ အဆိုပါအမှုကို ဆုံးဖြတ်ရာတွင် ပါဝင်ကြသည့် တရားသူကြီး(၁၅)ဦးလုံး သဘောတူညီစွာ ဆုံးဖြတ်ကြခြင်းမဟုတ်ပါ။ အများစု(၉)ဦးနှင့် အနည်းစု(၆)ဦး သဘောထား ကွဲလွဲကြသည်ကို တွေ့ရှိ ရပါသည်။
ယခုအမှုတွင် တရားလိုဘက်မှ အဓိကစွပ်စွဲသည့်အကြောင်းအရာများတွင် ၂၀၁၇-ခုနှစ်က ရခိုင်ပြည် နယ်အတွင်း ဘင်္ဂလီ(မူဆလင်)အကြမ်းဖက်အုပ်စုများ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် မူရင်း ဌာနေတိုင်းရင်းသားလူမျိုးများ ဘဝလုံခြုံစွာ နေထိုင်နိုင်ရေးတို့ကို ကျူးကျော်တိုက်ခိုက်မှုများမှ စတင်ခဲ့သည်ကို ချန်လှပ်ပြီး တဖက်သတ် စီရင်ဆုံးဖြတ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာပြီး တဘက်နိုင်ငံသို့ ရောက်ရှိနေကြသည့် ဘင်္ဂလီ(မူဆလင်)များ နိုင်ငံအတွင်းသို့ ပြန်လည်နေထိုင်နိုင်ရေး၊ မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့ ကြိုးပမ်းဆောင်ရွက် လျှက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ ဆုံးဖြတ်ချက်တွင် ဘင်္ဂလီ(မူဆလင်)များ၏ အခွင့်အရေး ကိုသာ တစ်ဖက်သတ် သုံးသပ်ဆုံးဖြတ်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဘိုးဘွားအစဉ်အဆက် နေထိုင်လာကြသည့် မူရင်းဌာနေတိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးများကို ချိုးဖောက် ပြီး အသက်ရှင်ရပ်တည်နိုင်ရေးကို ခြိမ်းခြောက်ရာ ရောက်စေသည့်အပြင် မူရင်းဌာနေတိုင်းရင်းသား လူမျိုးများနှင့် ဘင်္ဂလီ(မူဆလင်)များအကြား အေးချမ်းစွာအတူတကွ ပြန်လည်နေထိုင်နိုင်ရေးနှင့် လူမှုသဟဇာတဖြစ်မှုတို့ကို များစွာ ထိခိုက်စေပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ပါတီအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ပါသည်။
ရခိုင်တိုင်းရင်းသားများပါတီ(RNP)သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေး၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မူရင်းဌာနေတိုင်းရင်းသားလူမျိုးများ၏ ဘဝလုံခြုံရေးတို့ကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်မည်ဖြစ်ပါကြောင်း သဘောထားထုတ်ပြန် ကြေငြာထားသည်။
#Myanmar #News