ရောင်ဝါ
၂၄. ၁၁.၂၀၂၆
ICJ ၏ စီရင်ချက်မှာ နိုင်ငံတကာမိသားစုအတွင်း မြန်မာနိုင်ငံသားအားလုံးအတွက် ဂုဏ်သိက္ခာဆိုင်ရာသတ်ဖြတ်ခြင်းပင်ဖြစ်ကြောင်းနှင့် ပြည်ပဖိအားပေးမှု၊ ထိုးနှက်တိုက်ခိုက်မှုများကို ညီညွတ်ခိုင်မာစွာ ရင်ဆိုင်ကျော်လွှားသွားကြရန် မြန်မာနိုင်ငံသားအပေါင်းအား လေးနက်တည်ကြည်စွာ တိုက်တွန်းကြောင်း ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။
“မြန်မာနိုင်ငံသားအားလုံး ညီညွတ်ကြလော့” ခေါင်းစဥ်ဖြင့် ဖော်ပြလာပြီး အချက်ခုနစ်ချက်ပါဝင်သည့် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတော်သည် နှစ်ပေါင်းထောင်ချီသည့်သမိုင်း၊ ခမ်းနားသည့်ယဉ်ကျေးမှု၊ ကြွယ်ဝသည့်သယံဇာတများဖြင့် တိုင်းရင်းသားပေါင်းစုံ စုစည်းတည်ထောင်ထားသည့်နိုင်ငံတော်ဖြစ်သည်ဟု ဖော်ပြသည်။
ထို့အတူ နိုင်ငံတော်ကို တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသော လောကပါလတရားများအပေါ်အခြေခံ၍ တည်ဆောက်သွားကြရမည်ဖြစ်သည်ဟု ဒုတိယကြေညာချက်ကဆိုပြီး နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ တန်းတူညီမျှရေး၊ ဖက်ဒရယ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ နိုင်ငံသားအားလုံး၏ တန်းတူညီမျှရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများသည် အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုများကိုအခြေခံ၍ တည်ဆောက်သွားကြရမည်ဖြစ်သည်ဟုလည်း တတိယအချက်က ကြေညာသည်။
အလားတူ နိုင်ငံတကာပဋိပက္ခများ၊ ကမ္ဘာ့အစီအစဉ်သစ်ပြန်လည်တည်ဆောက်ရေးအားပြိုင်မှုများ၊ ဒေသတွင်းဩဇာအာဏာတည်ဆောက်မှုများအတွင်း နိုင်ငံတော်မပြိုကွဲရေး၊ အချုပ်အခြာအာဏာနှင့်ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေးသည် နိုင်ငံသားအားလုံး၏တာဝန်ဖြစ်သည်ဟု ခံယူသည်ဟု စတုတ္တအချက်က ဖော်ပြသလို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို အသုံးချ၍ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်သူများအဖြစ် မြန်မာနိုင်ငံအားစီရင်ချက်ချခြင်းသည် မြန်မာနိုင်ငံသားအားလုံးအတွက် အမြင့်ဆုံးတပ်လှန့်သတိပေးလိုက်သော အချက်ပေးခေါင်းလောင်းသံဖြစ်သည်ဟုလည်း ပဉ္စမအချက်ဖြင့် သတ်ိပေးသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားအားလုံးနှင့် စုဖွဲ့တည်ဆောက်ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား တစ်ဖက်သတ်ဖိအားပေး ဆုံးဖြတ်ခဲ့သော အပြည်ပြည်ဆိုင်ရာတရားရုံး၏စီရင်ချက်သည် နိုင်ငံတကာမိသားစုအတွင်း မြန်မာနိုင်ငံသားအားလုံးအတွက် ဂုဏ်သိက္ခာဆိုင်ရာသတ်ဖြတ်ခြင်းပင်ဖြစ်သည်ဟု ဆဋ္ဌမအချက်ဖြင့် သတိပေးကြေညာထားသလို နိုင်ငံတော်ကို ပြန်လည်စုစည်းကြရန်၊ ပြည်ပဖိအားပေးမှု ထိုးနှက်တိုက်ခိုက်မှုများကို စုပေါင်းအားဖြင့် ညီညွတ်ခိုင်မာစွာ ရင်ဆိုင်ကျော်လွှားသွားကြရန် မြန်မာနိုင်ငံသားအပေါင်းအား လေးနက်တည်ကြည်စွာ တိုက်တွန်းနှိုးဆော်အပ်သည်ဟုလည်း သတ္တမအချက်အဖြစ် ပြည်သူ့ပါတီက တိုက်တွန်းထားသည်။