NP News

လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သည်ဟု (ICJ) တရားရုံးမှ မြန်မာနိုင်ငံအပေါ်အမိန့်ချမှတ်ခဲ့သည့်အပေါ် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ကန့်ကွက်ရှုတ်ချ

ထိုက်စံ (NP News) - နိုဝင်ဘာ ၂၄

လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သည်ဟု (ICJ) တရားရုံးမှ မြန်မာနိုင်ငံအပေါ်အမိန့်ချမှတ်ခဲ့သည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုများရှိခဲ့သည်ဟုဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုထားသည့်အမှုကို ပြီးခဲ့သည့်(နိုဝင်ဘာလ ၁၉ ရက်) က အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ (genocide) လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သည်ဟု (ICJ) တရားရုံးက တစ်ဖက်သတ်ဆုံးဖြတ်ချက် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ခဲ့ခြင်းမရှိဘဲ ပဋိပက္ခဖြစ်ပွားစဉ်အတွင်း မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သည့် ဒေသခံတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သည့်အကြမ်းဖက်အဖွဲ့ဖြစ်သည့် ARSA အကြမ်းဖက်သမားများအား တုံ့ပြန်ခဲ့သည့် စစ်ဆင်ရေးတစ်ခုသာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အကြမ်းဖက်အဖွဲ့ဖြစ်သည့် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် မြို့ရွာအိုးအိမ်များ ပျက်စီးခဲ့ရပြီး ဒေသတွင်းနေထိုင်သူများနှင့် ဘင်္ဂါလီများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့်ဖြစ်စဉ်များကို မှတ်တမ်းမှတ်ရာများဖြင့် တိကျစွာ လျှောက်လဲတင်ပြခဲ့ပြီးဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မတရားစွပ်စွဲခံရခြင်းသာဖြစ်ကာ အပြီးသတ်အမိန့်မချမှတ်ခင်ကြားဖြတ်အမိန့်များ ချမှတ်စဉ်ကတည်းက ညွှန်ကြားချက်များကို တိကျစွာ နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အပြီးသတ်အမိန့်ချမှတ်ခဲ့ရာတွင် တရားသူကြီး (၁၅) ယောက်တွင် တရားသူကြီး (၉) ယောက်က သဘောတူညီခဲ့ပြီး တရားသူကြီး (၆) ယောက်က သဘောမတူဘဲ ကန့်ကွက်ခဲ့ကာ တရားသူကြီးအားလုံးက ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ကြောင်း သိရှိရသည့်အတွက် (ICJ) တရားရုံး၏ ဆုံးဖြတ်ချက်သည် တရားမျှတမှုလုံးဝမရှိကြောင်း ထင်ရှားပေါ်လွင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် ပြည်တွင်းရေးကိစ္စကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းသွားမည်ဖြစ်ပြီး အပြီးသတ်အမိန့်ချမှတ်ခဲ့သည့်အမှုသည် တရားမျှတမှု လုံးဝ (လုံးဝ) မရှိပါသဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်းအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News