Myanmar National Post

မြန်မာ့အမျိုးသားရေးပြဿနာ၊ ဘင်္ဂါလီတို့၏ နယ်မြေလုပွဲ


ယခုဆိုလျှင် ဘင်္ဂါလီတို့၏ နယ်မြေလုပွဲက အတော်လေး ခရီးရောက်ခဲ့ပြီဟုဆိုရမည်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မြန်မာနိုင်ငံအပေါ် လူမျိုးသုဉ်းကျူးလွန်ခဲ့ကြောင်းနဲ့ ကျူးလွန်ခြင်းကိုတားဆီးရန် ပျက်ကွက်ခဲ့ကြောင်း စီရင်ချက်များချမှတ်သည်အထိ အစ္စလာမ်းမစ်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု၊ မီဒီယာနှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများကို အသုံးချ၍ လူမျိုးလိမ်နာမည်ကို ကမ္ဘာသိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ (ICJ) တရားရုံးက စီရင်ချက်များချမှတ်ခဲ့ခြင်းအပေါ် ရဟန်းရှင်လူပြည်သူများက မခံနိုင်မရပ်နိုင်ဖြစ်ကြသော်လည်း တိုင်းပြည်အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် ကြိုးပမ်းလျက်ရှိသည့် NUGနှင့် အပေါင်းအပါအဖွဲ့အစည်းများက ထောက်ခံကြိုဆိုလျက်ရှိသည်။ OIC ၏ အထောက်အပံ့ကို ရယူထားသည့် ပြည်ဖျက်မီဒီယာများ ဖြစ်ကြသည့် DBV, Mizzima, The Irrawaddy, Myanmar Now, Khit Thit အပါအဝင် NUG လော်ဘီမီဒီယာများကလည်း ICJ ဆုံးဖြတ်ချက်ကို အကြောင်းပြု၍ ပုံသဏ္ဍာန်မျိုးစုံ ရေးသားဖြန့်ဝေမှုများ လုပ်ဆောင်လျက်ရှိသည်။

OIC အဖွဲ့အနေဖြင့် ဓနအင်အားတောင့်တင်းသည့် အစ္စလာမ်းမစ်နိုင်ငံများ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြန်မာပြည်မှ ပြည်ပြေးမီဒီယာများ၊ အတိုက်အခံ နိုင်ငံရေးအင်အားစုများကို ဝယ်ယူအသုံးချခြင်းသာမက ကုလသမဂ္ဂအဖွဲ့အစည်းကိုပါ ငွေနှင့်ပေါက်၍ ၎င်းတို့၏ လိုလားချက်ကို ရောက်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်း ကိုယ်တိုင်က မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်၍ ဘင်္ဂါလီများကို လူမျိုးလိမ်နာမည်ဖြင့် အသိအမှတ်ပြုပေးရန် ဖိအားပေးခဲ့ဖူးသည်။ OIC အဖွဲ့က မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ခွင့်ပြုရန်အထိ တောင်းဆိုခဲ့ဖူးသည်။ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက ညီညီညွတ်ညွတ် ဆန့်ကျင်ကန့်ကွက်၍ မောင်းထုတ်ခဲ့ကြရသည်။ OIC အဖွဲ့အနေဖြင့် မြန်မာပြည်မှ ပြည်ပြေးမီဒီယာများကိုသာမက ကမ္ဘာ့မီဒီယာ BBC, VOA, RFA, CNN အစရှိသည့် မီဒီယာများကိုပါ ငွေနှင့် ချုပ်ကိုင်၍ လူမျိုးလိမ်အမည်ကို ကမ္ဘာသိအောင် ထိုးဖောက်ခဲ့ခြင်းဖြစ်သည်။ ငွေကြေးမည်မျှ သုံးစွဲထားသည်ကိုပင် တွက်ဆရန် ခက်ခဲပေလိမ့်မည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဖြစ်စဉ်သည် ယူဂိုဆလားဗီးယားနိုင်ငံ၊ ကိုဆိုဗိုဒေသဖြစ်စဉ်နှင့် တစ်ထပ်တည်းနီးပါး တူညီနေသည်။ ကိုဆိုဗိုဒေသကို အယ်ဘေးနီးယားမှ မွတ်စလင်များ ဝင်ရောက်လာခဲ့သည်။ ကိုဆိုဗိုဒေသခံပြည်သူများမှာ ခရစ်ယာန်ဘာသာဝင် ဆလပ်လူမျိုးများဖြစ်ပြီး အိမ်နီးချင်း အယ်ဘေးနီးယားမှ အစ္စလာမ်ဘာသာဝင်များ စိမ့်ဝင်လာသည်။ ၁၄ ရာစုတွင် ကိုဆိုဗိုဒေသ၌ ဆလပ်လူမျိုး ၉၆.၆ ရာခိုင်နှုန်း၊ အယ်ဘေးနီးယား ၃ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၁၉၉၁ ခုနှစ်အရောက်တွင် အယ်ဘေးနီးယား ၈၁.၆ရာခိုင်နှုန်း အထိ မြင့်တက်လာပြီး ဒေသခံဆလပ်လူမျိုးများမှာ အနိုင်ကျင့်စော်ကားခံရပြီး ထွက်ပြေးရသည်အထိ ဖြစ်ခဲ့သည်။ သမိုင်းမှတ်တမ်းများအရ အစ္စလာမ်ဘာသာဝင်များပြားလာပြီး ဆလပ်လူမျိုးတို့၏ အော်သိုဒေါ့စ် (Orthodox) ခရစ်ယာန် ဘုရားကျောင်းကြီးများ ဖျက်ဆီးခြင်းခံရသည်။

ယူဂိုဆလားဗီးယားအစိုးရက အစ္စလာမ်းမစ်အကြမ်းဖက်လှုပ်ရှားမှုကို နှိမ်နင်းသောအခါ လူနည်းစုအယ်ဘေးနီးယားကို ဘာသာရေးအကြောင်းပြု၍ နှိပ်ကွပ်နေသယောင် အစ္စလာမ်းမစ်နိုင်ငံများ ပူးပေါင်းဝါဒဖြန့်ပြီး နိုင်ငံတကာ၏ ကရုဏာသက်မှုကို ဖန်တီးရယူခဲ့သည်။ 

၂၀၀၈ ခုနှစ်တွင် ကိုဆိုဗိုက တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာခဲ့ပြီးနောက် ဆားဘီးယားနိုင်ငံ၏ တောင်းဆိုမှုအရ ကုလသမဂ္ဂ အထွေထွေညီလာခံက ICJ တရားရုံးသို့ အကြံပြုချက် တောင်းခံခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ICJ က ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် -

ကိုဆိုဗို၏ တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာချက်သည် အထွေထွေ နိုင်ငံတကာ ဥပဒေ (General International Law) ကို ချိုးဖောက်ခြင်း မရှိကြောင်း ICJ က မှတ်ချက်ပြုခဲ့ပါတယ်။ နိုင်ငံတကာ ဥပဒေတွင် လွတ်လပ်ရေး ကြေညာခြင်းကို တားမြစ်ထားသည့် ပြဋ္ဌာန်းချက် မရှိဟု တရားရုံးက ဆိုပါတယ်။

နိုင်ငံတကာ ဥပဒေအရ "နယ်မြေတည်တံ့ခိုင်မြဲရေး" ကို လေးစားလိုက်နာရမည် ဆိုသည့် အချက်သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ဆက်ဆံရေးတွင်သာ အကျုံးဝင်ပြီး၊ နိုင်ငံတစ်ခုအတွင်းရှိ အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူထုတစ်ရပ်က ခွဲထွက်ရန် ကြေညာခြင်းနှင့် မသက်ဆိုင်ကြောင်း ICJ က အဓိပ္ပာယ် ဖွင့်ဆိုခဲ့ပတယ်။

သို့သော် ICJ သည် ကိုဆိုဗိုအား "လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင် ဖြစ်မြောက်သွားပြီလော" သို့မဟုတ် "အခြားနိုင်ငံများက အသိအမှတ်ပြုသင့်သလော" ဆိုသည့် အချက်များကိုမူ ဖြေကြားခြင်း မပြုဘဲ ရှောင်လွှဲခဲ့ပါတယ်။

ဒါတွေကို ထောက်ရှုရင် ICJ ရဲ့ ဆုံးဖြတ်ချက်တွေဟာ တိုင်းပြည်တွေ ပြိုကွဲအောင် တစ်ဖက်တစ်လမ်းကနေ ဖိအားပေးနိုင်တဲ့ အခြေအနေမျိုးကို ထောက်ရှုနားလည်ကြဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) က စီရင်ချက်များ ချမှတ်ရာမှာ မြန်မာနိုင်ငံက သမိုင်းကြောင်းအရ မရှိတဲ့လူမျိုးကို မရှိကြောင်း တင်ပြခဲ့ပြီး ဘင်္ဂါလီများသာဖြစ်ကြောင်း သက်သေပြခဲ့သော်လည်း လူမျိုးလိမ်အမည်ကိုသာ တွင်တွင်အသုံးပြုပြီး စီရင်ချက်များ ချမှတ်သွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါနဲ့ ဆက်စပ်လို့ NLD နာယကကြီး ဦးတင်ဦး ရဲ့ အတွေ့အကြုံအရ ရှင်းလင်းပြောကြားချက်ကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ဦးတင်ဦးရဲ့ ရှင်းပြချက်ကို အခြေခံပြီး RSO နှင့် မူဂျာဟစ်ဒင် နောက်ခံသမိုင်း ဆိုတာကို လေ့လာကြည့်တဲ့အခါ -

ရခိုင်ပြည်နယ် မောင်တော တိုက်ခိုက်ခံရမှုတွင် RSO (Rohingya Solidarity Organization) ဆိုသော လက်နက်ကိုင်အဖွဲ့၏ အမည်က ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ သို့သော် အစိုးရကမူ RSO ၏ လက်ချက်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပေ။ 

RSO လက်နက်ကိုင်အဖွဲ့ မပေါ်ပေါက်ခင် ရခိုင်ပြည်နယ်ရှိ မေယုခရိုင် (ဘူးသီးတောင်-မောင်တော) တွင် မူဂျာဟစ်ဒင် ခွဲထွက်ရေး လက်နက်ကိုင်သောင်းကျန်းသူများ ရှိခဲ့ဖူးပါတယ်။

မူဂျာဟစ်ဒင် လက်နက်ကိုင် သောင်းကျန်းသူများသည် ရခိုင်မြောက်ပိုင်းကို ကြီးစိုးနေခဲ့သည်ဟု မှတ်တမ်းများအရ သိရပြီး ဒီနေရာတွင် ၁၉၄၀ ကာလများက ရခိုင်ပြည်နယ်၏ အနေအထားသမိုင်းကြောင်းကို အနည်းငယ်တော့သိဖို့လိုပါတယ်။

ရခိုင်အပါအဝင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်တွင် ကျရောက်နေချိန် လွတ်လပ်ရေး ကြိုးပမ်းနေသော ကာလဖြစ်တယ်။ ဗြိတိသျှ အုပ်ချုပ်စဉ်ကာလမှာလည်း မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာ၊ ရခိုင်နှင့် အခြားတိုင်းရင်းသားများ အကြားတွင် ပဋိပက္ခများ ရှိနေခဲ့ပြီးသားဖြစ်ပါတယ်။

ဂျပန်တွေ မြန်မာပြည်သိမ်းပြီး ဗြိတိသျှနယ်ချဲ့တွေ ဆုတ်ပြေးတဲ့ အချိန်မှာ ရခိုင်၏ အုပ်ချုပ်ရေးပျက်ခဲ့သလို လက်နက် ခဲယမ်းမီးကျောက်နှင့် ဒုစရိုက်မှုများလည်း အခြားနယ်များမှာကဲ့သို့ အများအပြားရှိခဲ့တာ တွေ့ရပါတယ်။

၁၉၄၂ ဧပြီလအတွင်း ဗြိတိသျှတွေက ရခိုင်နယ်စပ်တွင် Force V ကို တည်ထောင်ပြီး မွတ်ဆလင်တွေကို အဲဒီတပ်ထဲကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။ Force V ရဲ့ အဓိက အလုပ်ကတော့ မြေပြင်ထောက်လှမ်းရေး သတင်းရှာဖွေခြင်း၊ ဗြိတိသျှ လေတပ်က ပျက်ကျတဲ့ လေယာဉ်တွေ၊ ပိုင်းလော့တွေ ရှာဖွေကယ်ဆယ်ရေးလုပ်ခြင်း၊ ကင်းလှည့်ခြင်းနဲ့ ဂျပန်တွေနဲ့ ပူးပေါင်းသူတွေကို ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆိုသည့် အလုပ်များဖြစ်ပါတယ်။

၁၉၄၄ ဇန်နဝါရီလတွင် ဗြိတိသျှတပ်များ မြန်မာပြည်ကို ပြန်သိမ်းသည့်အခါတွင်လည်း ရခိုင်ပြည်မှာလည်း တိုက်ပွဲများ ပြန်ဖြစ်ခဲ့ပါတယ်။ မောင်တောကို ဗြိတိသျှတပ်များက ပြန်သိမ်းသည့်အခါတွင် Force V ၏ အခန်းကဏ္ဍက အရေးကြီးသည့် နေရာမှ ပါဝင်ခဲ့သည်ဟု သမိုင်းဆရာအချို့က မှတ်တမ်းတင်ခဲ့ပါတယ်။

ဘူးသီးတောင်ကို ၁၉၄၄ ဒီဇင်ဘာလတွင် သိမ်းယူနိုင်ခဲ့ပြီး ၁၉၄၅ ဇန်နဝါရီလမှာ ရခိုင်ပြည် ဗြိတိသျှလက်ထဲကို ပြန်ရောက်ခဲ့ရပါတယ်။ ဗြိတိသျှက သူ၏ မဟာမိတ် မွတ်ဆလင်များကို ဘယ်လိုကတိတွေပေးခဲ့လဲဆိုသည့် သမိုင်း အထောက်အထားမရှိသော်လည်း မောင်တော ဒေသကိုတော့ ၎င်းတို့၏ အုပ်ချုပ်ပိုင်ခွင့်ရနိုင်မည့် နေရာဒေသလို့ မွတ်ဆလင် ခေါင်းဆောင်များက ထင်မြင်ယူဆ တွေးဆခဲ့ကြောင်းသိရပါတယ်။

ထိုမြောက်ပိုင်းရခိုင်ဒေသတွင် မွတ်ဆလင်က လူအများစုဖြစ်သည့် အတွက် အုပ်ချုပ်ရေးပိုင်းကိုလည်း သူတို့ကိုပဲ ဗြိတိသျှများက ခန့်အပ်ခဲ့သည်ဟု သိရပါတယ်။ ထိုဒေသများတွင် စစ်တကောင်း (Chittagong) ဖက်မှ ကူးပြောင်းလာသော မွတ်ဆလင် ရွှေ့ပြောင်းများကြောင့် လူဦးရေ များပြားလာခဲ့သလို စစ်ဒဏ်ကြောင့် လုယက်မှု၊ ရာဇဝတ်မှုများလည်း အများအပြားဖြစ်ခဲ့ပါတယ်။

ထိုဒေသမှ မွတ်ဆလင်ခေါင်းဆောင်များက ပါကစ္စတန် နိုင်ငံသစ်၏ အောက်တွင် သြဇာခံယူ ပူးပေါင်းလိုသော ကြေညာချက်များ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ၁၉၄၆ တွင်ဖြစ်ခဲ့သော ထိုလှုပ်ရှားမှုကို ဦးဆောင်သူများထဲမှ ထင်ရှားသူမှာ Moulvi Lookman Sahib ဆိုသူ ဖြစ်ပါတယ်။ NLD နာယကကြီး ဦးတင်ဦး ရဲ့ ရှင်းလင်းပြောကြားချက်နဲ့ ထပ်တူဖြစ်ပါတယ်။ 

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ ၁၉၄၈ အစပိုင်းတွင် ရခိုင်ပြည်၏ အခြေအနေသည် ပိုပြီးဆိုသည်ဟုသုံးသပ်ရမှာ ဖြစ်ပါတယ်။ ထိုအချိန်တွင် ဂျီဟတ်ဒ်(Jihad ) ဆိုသောစကားအသုံးအနှုံးကို မွတ်ဆလင်များအကြားတွင် ကြားရသလို မူဂျာဟစ်ဒင် လက်နက်ကိုင်များ၏ အဓိက ပစ်မှတ်မှာ မြန်မာအစိုးရမဟုတ်သေးဘဲ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားများ ဖြစ်ပါတယ်။

သို့သော်လည်း ၁၉၄၈ ဧပြီလတွင် ဖြစ်ပွားခဲ့သော အရေးအခင်းတွင် လူစုလူရုံးကို ဖြိုခွင်းရန် ကြိုးစားသော ရဲများ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ ထိုနေရာမှာပင် မူဂျာဟစ်သူပုန်တို့၏ လက်နက်ကိုင်ပုန်ကန်မှု စတင်ခဲ့တာဖြစ်ပါတယ်။ မူဂျာဟစ်ဒင် ဆိုသည်မှာ Arabic အာရဗီ အသုံးအနှုန်းဖြစ်ပြီး ထိုဒေသက မွတ်ဆလင်လက်နက်ကိုင်ခေါင်းဆောင်များက ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

သူတို့၏ အင်အားက ၂၀၀၀ မှ ၅၀၀၀ အတွင်း ရှိခဲ့သည်ဟု ခန့်မှန်းခဲ့ကြပြီး စစ်တပ်ဝန်ထမ်းဟောင်းများလည်း ပါဝင်ပြီး စစ်သင်တန်းများကို ဘူးသီးတောင်ဒေသနှင့် မောင်တော ဒေသကြားတွင် ပေးခဲ့သည်ဟု မှတ်တမ်းများအရ သိရပါတယ်။ အဲဒီအချိန်ကစပြီး လူမျိုးလိမ် ဖန်တီးအသုံးပြုမှုက စတင်လာပါတယ်။ 

ဦးနုအစိုးရက လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ဖြစ်သော မူဂျာဟစ်များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ရှိခဲ့ဖူးပါတယ်။ သို့သော် မအောင်မြင်ခဲ့။ ထိုစဉ်က ရန်ကုန် ဗြိတိသျှ သံရုံး၏ အစီရင်ခံစာအရ ရခိုင်တွင် မွတ်ဆလင်လှုပ်ရှားမှု ၂ စုရှိသည်ဟု သုံးသပ် ထားပါတယ်။ ပထမကတော့ မူဂျာဟစ်ခွဲထွက်ရေး လှုပ်ရှားမှုဖြစ်ပြီး ပါကစ္စတန်ကို ယိမ်းသည်ဟု ဆိုပါတယ်။ ဒုတိယ အုပ်စုကတော့ ရခိုင်ပြည်တွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်သော အုပ်စုဟု ဆိုပါတယ်။

၁၉၄၈ နှစ်ကုန်ပိုင်းတွင် မြန်မာ့တပ်မတော်က ထိုးစစ်အရှိန်ကို မြှင့်တင်ခဲ့ရပါတယ်။ ဘူးသီးတောင်၊ မောင်တော ဒေသတွင်ဖြစ်ပြီး လက်နက်ကိုင်မူဂျာဟစ်တွေ အကျအဆုံးများခဲ့ပါတယ်။ 

ဝန်ကြီးချုပ် ဦးနုနှင့် ကာကွယ်ရေးဦးစီးချုပ် စမစ်ဒွန်းတို့ စစ်တွေဒေသကို သွားရောက်လေ့လာကြပါတယ်။ ထိုအချိန်က ဘင်္ဂလားဒေရှ့်သည် ပါကစ္စတန်မှ ခွဲမထွက်ရသေးသော အရှေ့ပါကစ္စတန်ဖြစ်ပါတယ်။ ထိုခရီးစဉ်အတွင်း လက်နက်ခဲယမ်းများကို တဖက်နိုင်ငံမှ ရရှိခဲ့ကြောင်း စုံစမ်းလေ့လာ ခဲ့ရပါတယ်။ ရန်ကုန်တွင် အခြေစိုက်သော အိန္ဒိယသံရုံးကလည်း မူဂျာဟစ်လက်နက်ကိုင်တွေကို ပါကစ္စတန်က ထောက်ပံ့နေသည် ဆိုသော သတင်းကို ဖော်ပြပါတယ်။

၁၉၄၉ မေလတွင် မြန်မာအစိုးရက Peace Committee for North Arakan ဆိုတာကို ဖွဲ့စည်းပေးခဲ့ပြီး မွတ်ဆလင် လက်နက်ကိုင်တွေကို ထိတွေ့ခဲ့ပါတယ်။ အစိုးရက လက်နက်ချပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုတာတွေကို ရပ်ဆိုင်း စေချင်ပါတယ်။ မြန်မာအစိုးရဖွဲ့ထားသော Arakan Territorial Units အဖွဲ့များကလည်း မွတ်ဆလင် လက်နက်ကိုင်များနှင့် လူမျိုးများကို သေသေချာချာ ကြပ်မတ်ကိုင်တွယ်ခဲ့ပါတယ်။

၁၉၅၀ မှာ ရန်ကုန်အခြေစိုက် ပါကစ္စတန်သံအမတ် လိုက်ပါပြီး ဦးနု မောင်တော ဒေသကိုသွားရောက်ခဲ့ပါတယ်။ သို့သော်လည်း အခြေအနေက ငြိမ်သက်မသွားဘဲ မွတ်ဆလင်များ ညှင်းပန်း နှိပ်စက်ခံနေရပါသည်ဆိုသော သတင်းများက ထိုစဉ်က ပါကစ္စတန်သတင်းစာများတွင် ဆက်ပြီး ဖော်ပြပါရှိခဲ့ပါတယ်။

၁၉၅၁ မှစပြီး ၁၉၅၄ အထိ မြန်မာ့တပ်မတော်က ထိုးစစ်ကို ဘူးသီးတောင်၊ မောင်တော ဒေသများတွင် အသေအချာ ဆင်နွှဲခဲ့ရပါတယ်။ မူဂျာဟစ်သူပုန်များ အကျအဆုံး များခဲ့ပါတယ်။ ထိုအကြောင်းကို ဝန်ကြီးချုပ်ဟောင်း သူရဦးထွန်းတင် ကလည်း ရေးသားခဲ့ဖူးပါတယ်။ သူ၏ စာအုပ်ဖြစ်သော “ကျနော်ကျင်လည်ခဲ့ရသော မြန်မာနှင့် ကမ္ဘာ” တွင် ဖော်ပြခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးလည်း ထိုဒေသတွင် မူဂျာဟစ်သူပုန်များကို နှိမ်နင်းရန် တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။

ထိုအချိန်က မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်နွှဲမှုကြောင့် မူဂျာဟစ်သူပုန်များ အင်အား အတော်ကို လျော့ပါးသွားခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်၏ Operation Monsoon သည် နံမည်ကြီးပါတယ်။ မေယု၊ မုတ်သုန် စသော စစ်ဆင်ရေးကြီးများနှင့် နှိမ်နင်းပြီးချိန်တွင် မူဂျာဟစ်များ လက်နက်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ အမှတ် ၅ ဗမာ့သေနက်ကိုင်တပ်ရင်းနှင့် အမှတ် ၂ အရေးပေါ် ချင်းတပ်များက စစ်ဆင်ရေးများကို ဦးစီးခဲ့သည်ဟု သိရပါတယ်။

၁၉၆၁ မှာ မူဂျာဟစ်လက်နက်ကိုင်အုံကြွမှုဟာ အဆုံးသတ်သွားခဲ့ပါတယ်။ ထိုစဉ်က တပ်မတော်၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးက လက်နက်ချ သောင်းကျန်းသူတွေကို လက်ခံခဲ့ပြီး ဘူးသီးတောင်၊ မောင်တော ဒေသမှာ အခြေချ နေထိုင်ခွင့် ပေးခဲ့ပါတယ်။ ထိုအချိန်တွင် အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) နှင့် မြန်မာ အစိုးရတို့ နယ်စပ်မျဉ်းသတ်မှတ်ခြင်း၊ ဆက်ဆံရေး တိုးမြှင့်ခြင်း၊ စသည့်အကြောင်းအချက်များကလည်း လက်နက်ကိုင်သောင်းကျန်းသူများကို အင်အားလျော့နည်းစေခဲ့ပါတယ်။

၁၉၆၆ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက် တရားမဝင် ဝင်ရောက်နေထိုင်သူများနှင့် ပတ်သက်၍ ကျီးကန်း၊ မြတ်မွန်၊ စံပယ်၊ ရွှေကျီး စသည်စစ်ဆင်ရေးများ ပြုလုပ်ခဲ့သော်လည်း ပိုမိုများပြားလာသည့်အတွက် ၁၉၇၈ခုနှစ် ဖေဖေါ်ဝါရီလတွင် နဂါးမင်း၊ ထိုနောက် ဟင်္သာစသည့် စစ်ဆင်ရေးများကို ပြုလုပ်ခဲ့သော်လည်း မူဂျာဟစ်၏ လက်နက်ကိုင်လှုပ်ရှားမှု အဆုံးသတ် ဆုံးခန်းတိုင် တော့ မဟုတ်။ မြေအောက်လှုပ်ရှားမှုများ လက်နက်ကိုင် ထကြွရန် ကြံစည်မှုများက ဆက်ပြီးရှိခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။

၁၉၈၀ နှစ်များ အစောပိုင်းတွင် ရိုဟင်ဂျာ မျိုးချစ် တပ်ဦး (Rohingya Patriotic Front- RPF) မှ ခွဲထွက်လာသော အယူအဆပိုမို ပြင်းထန်သူများက RSO ကို ထူထောင်ခဲ့ကြ ပြီး RPF ၏ အတွင်းရေးမှူးချူပ်ဟောင်း မိုဟာမက်ယူနွတ်ဆိုသူက ဦးဆောင်ပါတယ်။

မကြာမီမှာပင် ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်တွင် အဓိက အကျဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်လာခဲ့ပါတယ်။ RSO က ဘာသာရေး အပေါ်တွင် အခြေပြုခဲ့သည့် အတွက် ရလဒ်အနေဖြင့် ကမ္ဘာ့ မွတ်ဆလင် အဖွဲ့အစည်း များထံမှ အထောက်အပံ့ အမျိုးမျိုး ရှိလာခဲ့ပါတယ်။ အထောက် အပံ့ပေးသူများထဲတွင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် မှ JeI၊ အာဖဂန်နစ္စတန်မှ Gulbuddin Hekmatyar ၏ Hizb-e-Islami (HeI)၊ အိန္ဒိယ ပြည်နယ်များဖြစ်သည့် ဂျမူး နှင့် ကက်ရှ်မီးယား မှ Hizb-ul-Mujahideen (HM) နှင့် မလေးရှားနိုင်ငံမှ Angkatan Belia Islam sa-Malaysia (ABIM) နှင့် မလေးရှား အစ္စလမ်လူငယ်များ အဖွဲ့တို့ အပါအဝင် ဖြစ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလင့်တနာက ရေးခဲ့ဖူးပါတယ်။

၁၉၉၀ နှစ်များ အစောပိုင်းတွင် RSO အဖွဲ့၏ စစ်စခန်းများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ကောက်ဘဇား ခရိုင်တွင် တည်ရှိခဲ့ပါတယ်။ RSO အဖွဲ့တွင် အပေါ့စား စက်သေနတ်များ၊ AK-47 ရိုင်ဖယ်များ၊ RPG-2 လောင်ချာများ၊ မိုင်းများနှင့် ဖောက်ခွဲရေး ပစ္စည်းများပိုင်ဆိုင်ထားကြောင်း ၁၉၉၁ ခုနှစ်တွင် ကွင်းဆင်းလေ့လာခဲ့သည့် သတင်းထောက် ဘာတေးလင့်တနာက ဆိုပါတယ်။ အာဖဂန် နစ္စတန်မှ တာလီဘန် သင်တန်းဆရာများက ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်ရှိ RSO စခန်း အချို့တွင် လေ့ကျင့်သင်တန်းပေးနေသည်ကို မြင်တွေ့ရသည်ဟု ဖော်ပြခဲ့ဖူးပါတယ်။

၁၉၈၀ နှစ်များ နောက်ပိုင်းနှင့် ၁၉၉၀ နှစ်များ အစောပိုင်းတွင် RSO က အင်အားတိုးချဲ့မှုများ ပြုလုပ်ခဲ့သည့်အတွက် မြန်မာ အစိုးရက ဘင်္ဂလားဒေ့ရှ် -မြန်မာ နယ်စပ်တွင် ကြီးမားသော တန်ပြန်ထိုးစစ်တရပ်ကို ဆင်နွဲ၍ RSO အဖွဲ့ကို တိုက်ခိုက် နှိမ်နင်းခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာစစ်သားများက နယ်စပ်ကို ဖြတ်ကျော်လာပြီးနောက် ဘင်္ဂလားဒေ့ရ်ှ စစ် စခန်းတခုကို မတော်တဆ တိုက်ခိုက်မိခဲ့ပါတယ်။ အဆိုပါ မတော်တဆမှုက ဘင်္ဂလားဒေ့ရှ် -မြန်မာ ဆက်ဆံရေးတွင် အဓိက ကျသည့် အစွန်းအထင်းတခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ 

၁၉၉၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် RSO နှင့် ARIF တို့ ပူးပေါင်းပြီး လူမျိုးလိမ်အမည်နဲ့ (Rohingya National Council -RNC) ကို ဖွဲ့စည်းခဲ့ပါတယ်။ (Rohingya National Army -RNA) ကို ၎င်း၏ လက်နက်ကိုင် အဖွဲ့ အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။

၂၀၀၂ ခုနှစ်က အာဖဂန်နစ္စတန်ရှိ အယ်လ်ကိုင်းဒါးအဖွဲ့၏ မော်ကွန်းတိုက်မှ CNN သတင်းဌာနက ရရှိခဲ့သည့် ဒါဇင်နှင့် ချီသော ဗီဒီယို တိပ်ခွေ များထဲမှ တခုတွင် “မြန်မာနိုင်ငံမှ မွတ်ဆလင် ညီနောင်များ”က အာဖဂန် နစ္စတန်တွင် လေ့ကျင့်မှုများ ပြုလုပ်နေသည်ကို တွေ့ခဲ့ရပါတယ်။ အချို့ ဗီဒီယို တိပ်ခွေ များမှာ ၁၉၉၀ နှစ်များအတွင်းက ဘင်္ဂလားဒေ့ရှ် -မြန်မာ နယ်စပ်ရှိ RSO စခန်းများတွင် ရိုက်ကူးခဲ့သည်ဟု ယူဆရပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် တိုင်းပြည်ဖွင့်ပြီးနောက်ပိုင်း ရိုဟင်ဂျာလှုပ်ရှားမှုများ ပြည်တွင်း၊ ပြည်ပတွင် ပြန်လည်အားယူ ခေါင်းထောင်လာခဲ့ပါတယ်။ ၂၀၁၂ နောက်ပိုင်း လူမျိုးရေးပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ NLD အစိုးရဖြစ်လာတဲ့အချိန် ၂၀၁၆-၁၇မှာတော့ ရဲကင်းစခန်းတွေကို ပြန်လည်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရပါတယ်။ မူဂျာဟစ်ထကြွမှု နောက်ပိုင်း ပထမဆုံး အကြိမ် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ဖို့ အတွက် သမ္မတ ဦးသိန်းစိန်က စုံစမ်းရေး ကော်မရှင် တခုကို ဖွဲ့စည်း ပေးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဥက္ကဌအဖြစ် သာသနာရေး ဝန်ကြီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးမြင့်နဲ့၊ အတွင်းရေးမှူး အဖြစ် Myanmar Egress မှ ဒေါက်တာ ကျော်ရင်လှိုင်တို့ကို တာဝန် ပေးခဲ့ပါတယ်။ 

ဥက္ကဋ္ဌ: ဒေါက်တာ မျိုးမြင့် (သာသနာရေး ဝန်ကြီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်)၊ အတွင်းရေးမှူး: ဒေါက်တာ ကျော်ရင်လှိုင် (Myanmar Egress)၊ အခြား ပါဝင်သူများ: သိက္ခာရ ဆရာတော် ဦးကျော်ညွန့်၊ ဟာဂျီ ဦးညွန့်မောင်သျှိန်၊ ဦးကိုကိုကြီး၊ စာရေးဆရာ မောင်ဝံသ၊ အနုပညာရှင် ဦးဇာဂနာ၊ ဦးအေးသာအောင်၊ ဒေါက်တာ အေးမောင် အပါအဝင် ဘာသာရေး အသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် စာနယ်ဇင်း နယ်ပယ်တို့မှ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြပါတယ်။ အဖွဲ့ဝင် ပေါင်း ၂၇ ယောက် ပါဝင်ပါတယ်။ 

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့ရာမှာ -

နေပြည်တော် ၂ဝ၁၃ ခုနှစ် မေလ ၆ ရက်

ဒီကနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ် များဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ် အခြေပြု အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟိုချုပ်ကိုင်သော စီးပွားရေး စနစ်မှ ဈေးကွက်စီးပွားရေး ရှင်သန်တဲ့ ခေတ်မီအမျိုးသားစီးပွား ပုံစံချတည်ဆောက်မှု ဖြစ်စဉ်တွေကို ဖော်ဆောင်လျက်ရှိတဲ့ သုံးပွင့်ဆိုင် အပြိုင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ အခုလို ကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ အပြောင်းအလဲတွေကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြမယ် ဆိုရင်ဖြင့် နိုင်ငံသား တစ်ဦးချင်းစီရဲ့ မျှော်လင့်ချက်များ ရှင်သန်နိုင်တဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် အခွင့်အလမ်းများ ရရှိထားပေမယ့် တချိန်တည်းမှာပဲ ..အမှားမခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါမျိုးလည်း ဖြစ်တဲ့အတွက် စိတ်ခံစားမှုများကို ရှေ့တန်းတင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြုံတွေ့ နိုင်ပါတယ်။ ဒါတွေကို ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ တာဝန်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

၂၀၁၂ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေရဲ့ အကြောင်းအရင်း များကို စနစ်တကျ ရှာဖွေဖော်ထုတ်ဖို့နဲ့ အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါတယ်။ ယင်းကော်မရှင်ရဲ့ အစီရင်ခံစာကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီအစီရင်ခံစာကို အသေအချာ လေ့လာ ဖတ်ရှု ကြည့်တဲ့အခါမှာ ဘက်ပေါင်းစုံကနေ စနစ်တကျ အသေးစိတ် လေ့လာ သုံးသပ်ပြထားတာကို တွေ့ရတဲ့အတွက် လက်တွေ့ကျပြီး ပြည့်စုံကောင်းမွန်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ် ဆိုတာကို တွေ့ရှိရမှာဖြစ်သလို နိုင်ငံတော်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များရဲ့ စေတနာထား ကြိုးပမ်း ဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိ အခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီနေရာမှာ သမိုင်း သင်ခန်းစာများကို ပစ်ပယ်မှာ မဟုတ်ပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေများထဲက ရုန်းထခွဲထွက်ဖို့ လိုအပ်မှာဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေရှာဖွေမှုတွေကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ... သမိုင်းကြောင်းနဲ့ချီပြီး ဒီမိုကရေစီ ရေချိန် နိမ့်ပါးခဲ့ခြင်းနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို မတည်ဆောက် နိုင်ခဲ့ခြင်းဆိုတာ တွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ အချင်းချင်း မယုံကြည်မှုတွေ၊ စီးပွားရေးနိမ့်ကျမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့မှု ဆိုတဲ့ ခါးသီးတဲ့ဒဏ်တွေကို ခံစားခဲ့ကြရပါတယ်။ ဒီဒဏ်ရာတွေကို ကုစားနိုင်ဖို့ အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေရခြင်းဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ နိုင်ငံသားတိုင်းမိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေဖို့ဆိုတဲ့ အချက်တွေကိုလည်း မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်းဖော်ဆောင်နေရခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံအနှစ်သာရဟာ ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှုပဲ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် လေးစားမှုရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာလည်းဖြစ်ပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ပြောကြားလိုပါတယ်။ ဒီအခွင့်အရေးကိုအလွဲသုံးပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှုများ၊ လှုံ့ဆော်မှုများဟာ ပဋိပက္ခများကိုပိုမို ကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုဟာ အခွင့်အရေးတစ်ခုကို လွဲမှားစွာ အသုံးချခြင်းဟာ အခြားအခွင့်အရေးများကို ဆုံးရှုံးစေတယ် ဆိုတာကိုသတိပြုရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ်ယာန်ဘာသာဝင် များရဲ့ ဘုရားရှိခိုးကျောင်းများ၊ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေနဲ့ ဟိန္ဒူဘာသာဝင်များရဲ့ ဘုရားကျောင်းများအတူ ယှဉ်တွဲတည်ရှိနေပြီး နိုင်ငံသားများအကြား မှာလည်း သမိုင်းနဲ့ချီတဲ့လူမှုရေး သဟဇာတ ရှိပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ ဇာစ်မြစ်များဖြစ်တဲ့ လူဦးရေပေါက်ကွဲမှု မြင့်မားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေမှု၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုး၊ ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ နိမ့်ကျမှုများစတဲ့ အချက်တွေကို လျစ်လျူရှုပြီး ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့ အစည်းနှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာများနဲ့ မွတ်စလင်များကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ် ကျဉ်းမြောင်းတဲ့အမြင်နဲ့ လွဲမှားစွာပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းဟာ ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ မိတ္ထီလာနဲ့ ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာလည်း ဘာသာရေး ပြဿနာများ အဖြစ် မှားယွင်းစွာ ပုံဖော်ခဲ့ခြင်းရဲ့ အကျိုးဆက်များအဖြစ် ရှုမြင်နိုင်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခများကို ဖြေရှင်းတဲ့နေရာမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်များအနက် အဓိကအချက်များကို ကြည့်ရင် ပထမ ဆုံးဆောင်ရွက်ရမယ့် အချက်ဟာ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် တရားဥပဒေ စိုးမိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။

တာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များမှာ အပြည့်အဝ ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး အတွက် ကျွန်တော့်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများ အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့အစည်းများဟာ ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရတိတိကျကျ လိုက်နာဆောင်ရွက် စေဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ညွှန်ကြားအမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခများကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက်လည်း ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက်ရေးများ ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီရောက်ရှိရေး၊ ကလေးသူငယ်များအာဟာရ ပြည့်ဝစေရေး၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် မလုံခြုံမှုများကို ကုစားပေးနိုင်ရေး၊ ကူးစက်ရောဂါ များကို ဟန့်တားရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် ဒေသစီးပွားရေး ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးတို့ကို အလျင်အမြန် အရေးယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နိုင်ငံတကာ အကူအညီများကိုလည်း ရယူသွားမှာ ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များမှာ ဝင်ရောက်ဆောင်ရွက်ကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစိုးရအနေနဲ့ လိုအပ်တဲ့ အကူအညီများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ယခင်ကာလများက ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ လုပ်နည်း ကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေးနက်ရှိုင်းခဲ့တာဟာလည်း ငြင်းဆို၍ မရသည့်အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ်မှာ ဝင်ရောက်ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းများ အနေနဲ့လည်း အသိုက်အဝန်းနှစ်ခု အကြား ပိုမိုရှုပ်ထွေးစေမယ့် ... ကိစ္စရပ်များ မဖြစ်ပေါ်ဖို့အတွက် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက်များကို နားလည်လိုက်နာကြဖို့နဲ့ နှစ်ဖက် လူ့အသိုက်အဝန်း နှစ်ခုလုံးရဲ့ ယုံကြည်ထောက်ခံမှုကို ရယူရန် ကြိုးစားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အညီ ပဋိပက္ခများပိုမို ဆိုးရွားမလာရေးအတွက် တရားမဝင် ဆက်လက်ဝင်ရောက် လာသူများကို ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်းတို့အတွက် လိုအပ်မယ့် လုံခြုံရေးဆိုင်ရာ အစီအမံများ ကိုလည်း ချမှတ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ခွင့်ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များ ကိုလည်း ရေတို၊ ရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူမှုရေးသဟဇာတဖြစ်မှ တည်ဆောက်ရေးနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေရှည်အစီအမံ များနဲ့ ဟန်ချက်ညီညီ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ အစီအမံများ ချမှတ်ရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်များကို အခြေခံ လုပ်ဆောင်သွားမှာ ဖြစ်သော်လည်း အခြားမတူညီသည့် အမြင်များနဲ့ အကြံပြုချက်များ ကိုလည်း အလေးထား ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များကို အလျင်အမြန် အရေးယူ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟိုကော်မတီရဲ့ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လေ့လာ အကြံပြု တင်ပြချက်များနဲ့ အခြားဆောင်ရွက်ရန် သင့်လျော်မယ့် လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး၊ ဒေသတွင်း ယာယီနေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘက်စုံမဟာဗျူဟာ ရေးဆွဲရေးဆိုတဲ့ လုပ်ငန်းကော်မတီ(၇) ခုကိုလည်း မတ်လ (၂၉)ရက် နေ့မှာ ထပ်မံဖွဲ့စည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးစတဲ့ ရှုထောင်းပေါင်းစုံကနေ အစိုးရတစ်ရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး တိကျပြတ်သားစွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ တွေ့ရှိချက် များကို ခြုံငုံသုံးသပ်ရာမှ ရရှိလာတဲ့ သင်ခန်းစာ တစ်ရပ်ကတော့ ယခင် ကျင့်သုံးခဲ့တဲ့ မူဝါဒများကြောင့် ယဉ်ကျေးသော ကျွန်ုပ်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ လက်ရှိကြုံတွေ့ နေသော ပြဿနာများကို ဖြေရှင်းရာမှာ တစ်ဖက်နှင့် တစ်ဖက်အပြစ်တင်ခြင်းများ ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ကြောင်းဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အရေးကိစ္စကိုကိုင်တွယ်လုပ်ဆောင်ရာမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာကိုးကွယ် သူများအား လူသားချင်းစာနာထောက်ထားသည့် အနေဖြင့်သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်များနဲ့ အခွင့်အရေး များကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များကိုလည်း လုံးဝ လျစ်လျူရှုမှာ မဟုတ်ကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

ဆက်လက်ပြီး NLD အစိုးရလက်ထက် ပေါ်ပေါက်လာတဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ NLD အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြပေးဖို့လည်း တာဝန်ရှိပါတယ်။ NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကော်မရှင်ဖွဲ့စည်းရာမှာ ကိုဖီအာနန် ကို ဖိတ်ခေါ်ပြီး ဦးဆောင်စေခြင်းက ပြဿနာကို ပြည်တွင်ရေးကနေ နိုင်ငံတကာပြဿနာဖြစ်အောင် ဖန်တီးသလို ဖြစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ်မှာ ရခိုင်နိုင်ငံရေးသမားတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ICJ ကို ရောက်ခဲ့ရတာလည်း NLD အစိုးရလက်ထက်မှာပဲ ဖြစ်ပါတယ်။ 

အခုတော့ ကျွန်တော်တို့ဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာမရှိတဲ့ အစိုးရတစ်ရပ်ကို ရွေးချယ်မှားခြင်းကြောင့် ကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေမျိုးဖြစ်ခဲ့ပါပြီ။ ICJ က မလျော်ကန်တဲ့ စီရင်ချက်တွေ ချမှတ်လိုက်ပြီဆိုတာကို သိရတဲ့အချိန်မှာ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက ကန့်ကွက်ရှုတ်ချကြပါတယ်။ သို့သော် NLD အသွင်ပြောင်း NUG နဲ့ အပေါင်းအပါတွေကတော့ ICJ ရဲ့ စီရင်ချက်တွေကို ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ပြောဆိုနေခြင်းက တိုင်းပြည်နဲ့ လူမျိုးကို လက်ညှိုးထိုးရောင်းစားနေခြင်းဖြစ်ကြောင်း ထင်ရှားပါတယ်။


နောင်တော်လေး (ဘိုကလေး)

#Myanmar #News 

မူရင်းသတင်း — Myanmar National Post