Eleven Media Group

■ ဒီမိုကရက်ပါတီက ၂၀၂၈ သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရေး စတင်ပြင်ဆင်

ဒီမိုကရက်ပါတီသည် ၂၀၂၈ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် သမ္မတလောင်းရွေးချယ်ရေးလုပ်ငန်းစဉ်ကို စတင်လိုက်ပြီဖြစ်ပြီး ကိုယ်စားလှယ်လောင်းများအကြား စကားစစ်ထိုးပွဲ ၁၂ ကြိမ် ကျင်းပမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။

၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်ပွဲရရှိခဲ့သည့် ဒီမိုကရက်ပါတီက ယင်းအောင်မြင်မှုကို အခြေခံကာ ၂၀၂၈ သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်။

ပထမဆုံး စကားစစ်ထိုးပွဲကို ၂၀၂၇ ခုနှစ် ဇွန်လတွင် ကျင်းပရန် စီစဉ်ထားပြီး ၂၀၂၇ ခုနှစ်အတွင်း ငါးကြိမ်၊ ၂၀၂၈ ခုနှစ်အတွင်း ခုနစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်သည်။ နောက်ဆုံးစကားစစ်ထိုးပွဲကို ၂၀၂၈ ခုနှစ် ၊ မတ်လတွင်ကျင်းပမည်။

ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်မည့် အဆိုပါစကားစစ်ထိုးပွဲများသည် ပါတီသမ္မတလောင်း ရွေးချယ်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပြီး ပါတီထောက်ခံသူများက ၂၀၂၈ ခုနှစ် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်းနှင့် ယှဉ်ပြိုင်မည့်သူကို ရွေးချယ်ကြမည်။

စည်းမျဉ်းသစ်အရ စကားစစ်ထိုးပွဲများတွင် ပါဝင်ခွင့်ရရန် ကြိုးပမ်းသည့် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့ကိုယ်စား ပြင်ပနိုင်ငံရေး အဖွဲ့အစည်းများက ငွေကြေးသုံးစွဲပေးခြင်းကို ကန့်ကွက်ကြောင်း ကတိပြုရမည်ဖြစ်သည်။

အဆိုပါစည်းမျဉ်းသည် ချမ်းသာကြွယ်ဝသူများ၏ နိုင်ငံရေးသြဇာလွှမ်းမိုးမှုနှင့် အလှူရှင်အမည်ကို မဖော်ပြဘဲ နိုင်ငံရေးအတွက် သုံးစွဲသည့် “Dark Money” ဟုခေါ်သော ငွေကြေးများ၏ အခန်းကဏ္ဍကို လျှော့ချရန် ရည်ရွယ်သည်။

၂၀၂၈ ခုနှစ် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြေရှိသူများအနက် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူဆမ်၊ ပန်ဆယ်ဗေးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော့ရှ် ရှာပီရိုနှင့် ကင်တက်ကီပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒီ ဘီရှီးယားတို့၏ အမည်များကို အဓိကထား ဆွေးနွေးနေကြသည်။

၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ခဲ့သည့် ဒုတိယသမ္မတဟောင်း ကမ်မလာဟဲရစ်ကိုလည်း ဖြစ်နိုင်ခြေရှိသည့် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ထည့်သွင်းစဉ်းစားနေကြသည်။

ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီက အောက်လွှတ်တော် အမတ်နေရာ ၄၃၅ နေရာအနက် အနည်းဆုံး ၂၅၈ နေရာ ရရှိထားပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်း အမတ်နေရာအများဆုံး ရရှိမှုဖြစ်သည်။ အချို့မဲဆန္ဒနယ်များ၏ ရလဒ်များကို အတည်ပြုရန် ကျန်နေသေးသည်။ ၂၀၂၇ ခုနှစ် ဇန်နဝါရီတွင် ကွန်ဂရက်လွှတ်တော်အသစ် စတင်ချိန်၌ ဒီမိုကရက်ပါတီက အထက်လွှတ်တော် အမတ်နေရာ ၁၀၀ အနက် ၅၆ နေရာကို ထိန်းချုပ်ထားမည်ဖြစ်သည်။

Ref: AFP
Photo: AP

မူရင်းသတင်း — Eleven Media Group