Pika (NP News) - နိုဝင်ဘာ ၂၅
စပိန်နိုင်ငံကို တရားမဝင်တဲ့စစ်ပွဲတွေမှာ ပါဝင်ပတ်သက်တာမျိုးမရှိစေဖို့ နိုင်ငံရဲ့ကာကွယ်ရေးဥပဒေကိုပြင်ဆင်သွားမယ်လို့ စပိန်ဝန်ကြီးချုပ်ပီဒရိုဆန်းချက်ဇ်က ကတိပြုပြောဆိုလိုက်ပါတယ်။
လာမယ့် နိုဝင်ဘာလ(၂၉)ရက်မှာကျင်းပမယ့် ကြိုတင်အထွေထွေရွေးကောက်ပွဲမတိုင်ခင် ပီဒရိုဆန်းချက်ဇ်က အခုလိုမျိုးကတိပြုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။
ဘာစီလိုနာမြို့မှာလုပ်ဆောင်ခဲ့တဲ့ မိန့်ခွန်းပြောကြားမှုအတွင်းမှာ ပီဒရိုဆန်းချက်ဇ်က ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ပြစ်တင်ဝေဖန်မှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အီရန်အပေါ်ဆင်နွှဲနေတဲ့ အမေရိကန်-အစ္စရေးစစ်ပွဲက တရားမဝင်ဘူးလို့ ပီဒရိုဆန်းချက်ဇ်က ပြစ်တင်ရှုတ်ချခဲ့ပြီး (၂၀၀၃)ခုနှစ်တုန်းက အီရတ်မှာ အမေရိကန်ဦးဆောင်တဲ့ကျူးကျော်တိုက်ခိုက်မှုဖြစ်ရပ်နဲ့ နှိုင်းယှဉ်ဖော်ပြပြောဆိုခဲ့ပါတယ်။
ပီဒရိုဆန်းချက်ဇ်က "လာမယ့်လွှတ်တော်သက်တမ်းအတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)လောက်က အီရတ်မှာကြုံတွေ့ခဲ့ရတဲ့ စစ်ပွဲမျိုး ဒါမှမဟုတ် လက်ရှိအီရန်နဲ့ပတ်သက်ပြီးမြင်တွေ့နေရတဲ့စစ်ပွဲမျိုးလိုမျိုး တရားမဝင်စစ်ပွဲတွေမှာ စပိန်ကလုံးဝပါဝင်ပတ်သက်တာမျိုးမရှိစေဖို့ ဥပဒေကိုပြင်ဆင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
စပိန်နိုင်ငံအနေနဲ့ စစ်ပွဲကို ငြင်းပယ်တယ်ဆိုတဲ့သဘောထားနဲ့ နိုင်ငံတကာဥပဒေကိုလိုက်နာစောင့်ထိန်းရေးဆိုင်ရာကတိဝတ်တွေကို ပိုမိုခိုင်မာအောင်လုပ်ဆောင်နေသလို စပိန်က ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့နိုင်ငံဖြစ်တယ်လို့လည်း ပီဒရိုဆန်းချက်ဇ်က ပြောကြားခဲ့ပါတယ်။
သတင်းရင်းမြစ်တွေရဲ့ရေးသားဖော်ပြချက်အရ ပီဒရိုဆန်းချက်ဇ်က စပိန်နိုင်ငံရဲ့လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်မှုကို စီမံထိန်းချုပ်ထားတဲ့အမျိုးသားကာကွယ်ရေးဥပဒေကိုပြင်ဆင်ဖို့ စီစဉ်နေတာဖြစ်တယ်လို့သိရပါတယ်။