
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း စားကျက်မြေများအား ကျူးကျော်ဝင်ရေက်လုပ်ကိုင်ထားကြသူများအနေဖြင့် မူလအခြေအနေအတိုင်း ပြန်လည်ထားရှိရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများနှင့် အရေးယူသွားမည်ဟု ထွေ/အုပ်ဌာနက နို့တစ်စာပေးပို့ထားသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူများနစ်နာလာပါက ပြည်သူ့ဘက်က အပြည့်အဝရပ်တည်ပေးသွားမည်ဟု ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်းက ပြောကြားသည်။
ထိုနို့တစ်စာများအား ချောင်းဆုံမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ယခုနိုဝင်ဘာလဆန်းပိုင်းအချိန်မှစတင်ကာ ဖြန့်ဝေထားခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
ထိုစားကျက်မြေများသည် ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတ်မှတ်ထိန်းသိမ်းစီမံခန့်ခွဲလျက်ရှိသော မြေဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ စားကျက်မြေအတွင်း လူကြီးမင်းသည် မိမိသဘောဆန္ဒအလျောက် နေအိမ်၊ အဆောက်အအုံ၊ ခြံစည်းရိုးများ ကျူးကျော်ဆောက်လုပ်ခြင်း၊ သီးနှံများစိုက်ပျိုးခြင်း (သို့မဟုတ်) အခြားနည်းလမ်းဖြင့် အသုံးချလုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရပါကြောင်း နို့တစ်စာတွင် ပါရှိသည်။
သို့ဖြစ်ပါ၍ အဆိုပါ စားကျက်မြေပေါ်တွင် ကျူးကျော်ဝင်ရောက်လုပ်ကိုင်ထားသည်များကို ယခုနို့တစ်စာရရှိသည့်နေ့ရက်မှစ၍ မူလအခြေအနေအတိုင်း ပြန်လည်ထားရှိရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါကြောင်း နို့တစ်စာတွင် ဖော်ပြထားချက်အရ သိရသည်။
ထိုသို့ ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးပို့လာသည့် နို့တစ်စာနှင့်ပတ်သက်၍ ဦးအောင်ကိုဝင်းသန်းက “ဘာမှဆက်ဖြစ်လာဖို့တော့မရှိပါဘူးလို့ ယူဆပါတယ်။ ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတော့ လုပ်ထုံးလုပ်နည်းအရ စာထုတ်တာပါတဲ့။ ဘာမှမဖြစ်ပါဘူးလို့ ကျွန်တော်ကို ပြန်ပြောပါတယ်။ သိပ်တော့လည်းမစိုးရိမ်ပါနဲ့ပေါ့။ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်တာပါတဲ့။ နှစ်ကြိမ်၊ သုံးကြိမ်လောက် စာထုတ်ပြီးရင် ပြီးသွားမှာပါလို့ ပြောပါတယ်” ဟု ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ကျွန်တော်သိထားတာက နိုင်ငံတော်သမ္မတကြီး ပြောတာက စားကျက်မြေတွေ ဘယ်လောက်ရှိလဲဆိုတာကိုပဲ စာရင်းကောက်ခိုင်းတာလို့ သိထားပါတယ်။ ဒါပေမယ့် ထွေ/အုပ်က ဖယ်ဖို့အတွက် စာထုတ်တယ်ဆိုတော့ ကျွန်တော်လည်း နားမလည်ဘူးဖြစ်နေတယ်။ ကျွန်တော် နားလည်သလောက်ကတော့ အဲ့ဒီလိုပဲ နားလည်ပါတယ်” ဟု ပြောကြားသည်။
ပြည်သူများ ထိခိုက်နစ်နာမှုများဖြစ်လာပါက မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူဘက်က အပြည့်အဝနေရပ်တည်ပေးသွားမှာဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော် သိရသလောက် မော်လမြိုင်မြို့နယ်ထဲမှာလည်း ညောင်ပင်ဆိပ်၊ မုရောင်း၊ နောက်ခရီ၊ ဂွေးကုန်း၊ ဖားအောက်၊ ကြာအင်း စတဲ့ ကျေးရွာမှာလည်း စားကျက်မြေတွေပေါ် ဆောက်လုပ်ထားတဲ့ နေအိမ်၊ အဆောက်အအုံတွေ ဆောက်လုပ်ထားတာနဲ့ ပတ်သက်လို့ စာထုတ်ထားတယ်လို့လည်း သိရပါတယ်” ဟု ဦးအောက်ကိုဝင်းသန်းက ဆက်လက်ပြောကြားသည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ စားကျက်မြေများအား ကျူးကျော်ဝင်ရောက်လုပ်ကိုင်ထားကြသူများအနေဖြင့် မူလအခြေအနေအတိုင်း ပြန်လည်ထားရှိရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများနှင့် အရေးယူသွားမည်ဟု နို့တစ်စာပေးပို့ထားခြင်းနှင့်ပတ်သက်၍ လာမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က ပြောကြားသည်။
ချောင်းဆုံမြို့နယ်အတွင်း ချောင်းဆုံမြို့ပေါ် (၃) ရပ်ကွက်တွင် အိမ်ခြေ ၁၅၀၀ ကျော်ရှိသော်လည်း မြေဂရမ်ရှိသည့် နေအိမ်က ဆယ်ဂဏန်းခန့်သာရှိကြောင်းနှင့် ကျန်ရှိသည့် မြေများမှာ ယခင်ကတည်းက စားကျက်မြေများ၊ ဥယျာဉ်ခြံမြေများ၊ လယ်မြေများပေါ်တွင်သာ ဆောက်လုပ်ထားကြသည့် နေအိမ်များ၊ ခြံများပေါ်တွင်သာ တည်ဆောက်ထားကြသည်သာများကြောင်း ဒေသခံများများထံမှ သိရသည်။
စားကျက်မြေများအား ကျူးကျော်ထားသည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နို့တစ်စာများပေးပို့ထားသည့်အတွက်ကြောင့် ဒေသခံပြည်သူများအနေဖြင့် မိမိနေထိုင်ရာနေအိမ်အဆောက်အဦးများ ဖျက်ဆီးဖယ်ရှားခံရမည်ကို စိုးရိမ်ပူပန်နေကြလျက်ရှိကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၇) အုပ်စုအတွင်းရှိ စားကျက်မြေများပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည်ဆိုသော နေအိမ်များအားလုံးသို့ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် နို့တစ်စာများပေးပို့ထားကြောင်းနှင့် ၎င်းတို့အထဲတွင် ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာနေ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၏ နေအိမ်ပင် ပါဝင်ကြောင်း ကမာမိုကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
“ချောင်းဆုံမြို့နယ်အတွင်းမှာက ခေတ်အဆက်ဆက် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စားကျက်မြေတွေ၊ ပလပ်မြေတွေ၊ ဥယျာဉ်ခြံတွေ၊ လယ်ယာမြေတွေကို ရွာမြေဆိုပြီးတော့ အကွက်ရိုက်ပြီးရောင်းစားခဲ့ကြတာပါ။ ဒါကို သက်ဆိုင်ရာ မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာရင်းဦးစီးဌာနကအစ သိကြပါတယ်။ သူတို့သိကြသလို၊ ခရိုင်အဆင့်တာဝန်ရှိသူတွေ၊ ပြည်နယ်အဆင့်တာဝန်ရှိသူတွေလည်း သိကြမှာပါ။ အခုလိုအချိန်မှာမှ ဒီနို့တစ်စာကို ဘာကြောင့်ပို့ရသလဲဆိုတာကိုတော့ မသိရဘူး။ သက်ဆိုင်ရာ ဝန်ကြီးကို မေးမြန်းထားကြတာမျိုးတော့ ရှိပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း စားကျက်မြေများအပေါ် တည်ဆောက်ထားသည့် နေအိမ်အဆောက်အအုံများ ဖယ်ရှားရမည်ဆိုပါက ချောင်းဆုံမြို့ပေါ်ရပ်ကွက်တချို့ရှိ မြေဂရမ်ရှိသည့် နေအိမ်များမှအပ ကျန်မြို့နယ်တစ်ခုလုံး ဖယ်ရှားကြရမည်ဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။