Myanmar National Post

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ(ပလိပ်)၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

 


စဉ့်ကိုင်  ၊ နိုဝင်ဘာ ၂၆

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများလိုက်ပါလာပြီး နိုဝင်ဘာလ၂၆ ရက်နေ့နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု၊ စက်ရုံမြေရပ်ရှိ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ (ပလိပ်)၌ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမောင်မြင့်နှင့် တာဝန်ရှိသူများရောက်ရှိစဉ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်(စဉ့်ကိုင်)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့် (မြစ်သား)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ စက်ရုံပိုင်ရှင် ဒေါ်လီလီစန်း၊ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေ၊ လက်ထောက်မန်နေဂျာ ဦးဇော်တို့မှ ကြိုဆိုခဲ့ကြသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အစည်းအဝေး ခန်းမအတွင်း စက်ရုံပိုင်ရှင်နှင့် တာဝန်ရှိသူများ၊ အလုပ်သမားဝန်ထမ်းများနှင့်တွေ့ဆုံ၍ စက်ရုံလည်ပတ်နေမှုအခြေအနေများ၊ အလုပ်သမားများနှင့် ပတ်သက်၍ အလုပ်ချိန်နှင့် လူမှုဖူလုံရေးဆိုင်ရာကိစ္စရပ်များ၊ စက်ရုံလုပ်ငန်းဌာနအလိုက် အလုပ်ရှင်နှင့်အလုပ်သမား အငြင်းပွားမှု ပြဿနာရှိ/မရှိ မေးမြန်းခဲ့သည်။

ဆက်လက်၍ စက်ရုံအတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန၊ လူမှု ဖူလုံရေးအဖွဲ့မှ တာဝန်ခံ ဆရာဝန် ဒေါက်တာ ဟိန်းထက်ဇော်နှင့်အဖွဲ့မှ အလုပ်သမားများကို လိုအပ်သည့် ဆေးဝါးကုသ‌ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံဝန်းအတွင်းရှိ ထမင်းစားဆောင်တွင် စက်ရုံအလုပ်သား ၁၈၀ ဦးခန့်နှင့် တွေ့ဆုံခဲ့ပြီး အလုပ်သမား ဝန်ကြီးဌာနအနေဖြင့်ပြည်တွင်း၊ ပြည်ပအလုပ်သမားအားလုံးအတွက် လူမှုဖူလုံရေးခံစားခွင့် အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post