Kanbawza Tai News

ရွှေညာသူ ပုန်းရည်ကြီးနှင့် K&K အမှတ်တံဆိပ် အားဖြည့်အချိုရည်တို့ကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် FDA ထုတ်ပြန်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

ရွှေညာသူအမှတ်တံဆိပ် ပုန်းရည်ကြီးနှင့် K&K အမှတ်တံဆိပ် အားဖြည့်အချိုရည်ဘူး တစ်မျိုးတို့ကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် အစားသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ( FDA) က ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။

ရေစကြိုမြို့နယ်၊ ဆင်ချောင်းစံပြကျေးရွာတွင် ထုတ်လုပ်သော ရွှေညာသူ အမှတ်တံဆိပ် ပုန်းရည်ကြီးတွင်( Benzoic Acid) တာရှည်ခံဆေးသည် သတ်မှတ်ပမာဏ 100 mg/kg ထက် ကျော်လွန်ပြီး 1134.19 mg/kg အထိ ကျော်လွန် နေကြောင်း FDA က ထုတ်ပြန်ထားသည်။

အလားတူ နေပြည်တော်၊ ပျဉ်းမနား၌ ထုတ်လုပ်သည့် K&K အမှတ်တံဆိပ် 300 ml ပါ အားဖြည့်အချိုရည်တွင် တာရှည်ခံဆေး( Benzoic Acid) နှင့် အချိုဓာတ် ( Sodium Cyclamate ) တို့ သတ်မှတ်ပမာဏထက် ကျော်လွန် ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်း ထုတ်လုပ်သည့် သိန်းတိုးအမှတ်တံဆိပ် ဂျင်းလက်ဖက်၊ 123 အမှတ်တံဆိပ် ဇီးသီးယို၊ ရွှေသင်းသူအမှတ်တံဆိပ် သဘာဝနနွင်းတို့တွင် အစားအသောက်များ၌ သုံးစွဲခွင့်မပြုထားသည့် အဝါရောင် ဓာတုဆိုးဆေး ( Auramine-O) များ ပါဝင်နေပြီး ရွှေသင်းသူ အမှတ်တံဆိပ် ဟင်းခတ်အရောင်တင်မှုန့်တွင်လည်း အနီရောင် ဓာတုဆိုးဆေး ( Rodamine-B ) များ အသုံးပြုထားကြောင်း တွေ့ရှိရသဖြင့် သုံးစွဲရန် မသင့်ကြောင်း FDA က ကြေညာထားသည်။

မူရင်းသတင်း — Kanbawza Tai News