
Pika (NP News)- နိုဝင်ဘာ ၂၆
အမေရိကန်နိုင်ငံမှာရှိတဲ့ ကလေးငယ်တွေအားလုံးက ရှယ်ယာ(၂)ခုစီရရှိလိမ့်မှာဖြစ်ကြောင်းနဲ့ တစ်ခုကို SpaceXကုမ္ပဏီဘက်ကပေးအပ်မှာဖြစ်ပြီး နောက်တစ်ခုကိုတော့ ၎င်းကိုယ်တိုင်ပုဂ္ဂိုလ်ရေးအရပေးအပ်မှာဖြစ်တယ်လို့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာ အသုံးပြုနေတဲ့ Trump Account(အသက်(၁၈)နှစ်အောက် ကလေးငယ်တွေအတွက် အမေရိကန်မှာ အခွန်ဆိုင်ရာအကျိုးခံစားခွင့်တွေရရှိစေမယ့် ရင်းနှီးမြှုပ်နှံမှုအကောင့်)တွေတိုင်းအတွက် SpaceXကုမ္ပဏီရဲ့ Class A အမျိုးအစား သာမန်ရှယ်ယာတစ်ခုကို ပေးအပ်သွားမှာဖြစ်ကြောင်းနဲ့ ကုမ္ပဏီဘက်ကပေးတဲ့အတိုင်း တူညီတဲ့ရှယ်ယာအရေအတွက်ကို ၎င်းကိုယ်တိုင်က ပုဂ္ဂိုလ်ရေးအရ ထပ်မံထည့်သွင်းပေးအပ်သွားမှာဖြစ်တယ်လို့ အီလွန်မတ်ကပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း အီလွန်မတ်ရဲ့ SpaceX ရှယ်ယာပေးအပ်မှုတွေက Trump Accountတွေနဲ့ ဆက်စပ်မှုရှိ/မရှိ ဒါမှမဟုတ် ရှယ်ယာတွေအပေါ်ရောင်းချခွင့်ကာလလိုမျိုး ကန့်သတ်ချက်တွေရှိ/မရှိဆိုတာတွေနဲ့ပတ်သက်ပြီး မေးမြန်းချက်တွေကို SpaceXကုမ္ပဏီဘက်က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက SpaceX ဥက္ကဋ္ဌ Gwynne Shotwellနဲ့၎င်းတို့ခင်ပွန်းဖြစ်သူတို့က ထရမ့်အစီအစဉ်(Trump initiative)မှာရှိတဲ့ ကလေးငယ်(၂)သန်းကျော်အတွက် ၎င်းတို့ပိုင်ဆိုင်တဲ့SpaceX ရှယ်ယာတစ်ခုစီကို ပေးအပ်ဖို့ ကတိပြုခဲ့ကြတယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့လမှာ အီလွန်မတ်ကလည်း အမေရိကန်မှာရှိတဲ့ ကလေးငယ်တိုင်းကို ၎င်းပိုင်ဆိုင်တဲ့SpaceX ရှယ်ယာတစ်ခုစီပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အီလွန်မတ်က”လာမယ့်နှစ်က အမေရိကန်မှာရှိတဲ့ ကလေးငယ်တိုင်းကို ကျွန်တော့်ရဲ့SpaceX ရှယ်ယာတစ်ခုစီပေးအပ်သွားမှာပါ။ဒါကနောက်ထပ်လုပ်ဆောင်မယ့်အရာများစွာထဲက ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။အနာဂါတ်စီးပွားရေးလောကမှာ ပိုင်ဆိုင်ခွင့်ကို ကိုယ်စားပြုတဲ့ ရှယ်ယာတွေကို ပြည်သူတွေလက်ထဲပေးအပ်တာက မှန်ကန်တဲ့နည်းလမ်းတစ်ခုပါပဲ”လို့ပြောဆိုခဲ့ပါတယ်။